ကိုယ်လက်လှုပ်ရှားမှုဟာ ကြွက်သားနဲ့ အရိုးအဆစ် ကျန်းမာကြံ့ခိုင်ရေးအတွက် အစွမ်းထက်တဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက် ဖြစ်ပါတယ်။ လေ့လာမှုတွေအရ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်း လုပ်သူတွေဟာ အရိုးပွရောဂါဖြစ်နိုင်ခြေ လျော့နည်းပြီး အသက်အရွယ်ပြောင်းလဲမှုနဲ့အတူ ကြုံတွေ့ရနိုင်တဲ့ အရိုးနဲ့ ကြွက်သား အားနည်းမှု ပြဿနာတွေကိုလည်း ကြိုတင်ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ကွီးတို့အနေနဲ့ အသက်ကြီးလာတဲ့အထိ ကြွက်သား နဲ့ အရိုးအဆစ် တွေ ကြံ့ခိုင်သန်မာ နေချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် လေ့ကျင့်ခန်း တွေ နေ့တိုင်းပုံမှန်လုပ် ဆောင်သွားဖို့ လိုပါမယ်။

(၁) အလေးမခြင်း


Photo : DMARGE

ဝိတ်တုံးတွေနဲ့ ကစားရတဲ့ လေ့ကျင့်ခန်း တွေဟာ ကြွက်သားတွေကို ကျစ်လစ်ကြံ့ခိုင်စေရုံမက အရိုးအဆစ် တွေ သန်မာစေဖို့ အထိရောက်ဆုံး ကူညီပေးနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး အလေးမ လေ့ကျင့်ခန်းတွေဟာ ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကို လောင်ကျွမ်းစေပြီး ကျစ်လစ်ကြံ့ခိုင်တဲ့ ဘော်ဒီကို ပုံသွင်းပေးပါတယ်။  ကွီးတို့အနေနဲ့ အရိုးအဆစ် များကြံ့ခိုင်သန်မာပြီး ဘော်ဒီတောင့်တောင့် ကြွက်သားမောက်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ မတူညီတဲ့ ကြွက်သားအုပ်စု တစ်ခုချင်းစီအလိုက် ထိရောက်မှုရှိတဲ့ အလေးမ လေ့ကျင့်ခန်းတွေကို တစ်ပတ်လျှင်အနည်းဆုံး ၂ – ၃ ရက်ခန့် ကစားပေးဖို့ အကြံပြုချင်ပါတယ်။

(၂) ကခုန်ခြင်း


Photo : Elemental – Medium

ကခုန်ခြင်းဟာ ပျော်စရာကောင်းတဲ့ လှုပ်ရှားမှုတစ်ခုလို့ ဆိုနိုင်သလို ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေးအတွက် အကျိုးပြုတဲ့ လေ့ကျင့်ခန်း တစ်ခုလည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ပြုလုပ်ပေးရတဲ့အတွက် ခန္ဓာကိုယ်ရဲ့ မတူညီတဲ့ ကြွက်သားအုပ်စု တော်တော်များများနဲ့ အရိုးအဆစ် တွေကို ပိုမိုကြံ့ခိုင်သန်မာစေပါတယ်။ ကခုန်ခြင်းဟာ သက်လုံစွမ်းအားကို တိုးစေပြီး နှလုံးနဲ့ ဦးနှောက်အတွက်လည်း ကောင်းမွန်တဲ့ လေ့ကျင့်ခန်း တစ်ခု ဖြစ်ပါတယ်။

(၃) ထိုက်ချိကစားခြင်း


Photo : Verywell Mind

ထိုက်ချိကစားနည်းဟာ ခန္ဓာကိုယ်ရဲ့ ရုပ်ပိုင်း/စိတ်ပိုင်း ကျန်းမာကြံ့ခိုင်ခြင်းအတွက် အင်မတန်အကျိုးပြုတဲ့ လေ့ကျင့်ခန်း တစ်ခု ဖြစ်ပါတယ်။ ထိုက်ချိဟာ ခန္ဓာကိုယ်ရဲ့ဟန်ချက်ကို ထိန်းထားပြီး ငြင်သာလှပစွာလှုပ်ရှားရတဲ့ ကစားနည်းတစ်ခုဖြစ်တာကြောင့် ခြေထောက်နဲ့ ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သားတွေကို သန်မာစေပြီး အရိုးအဆစ် တွေရဲ့ သန်စွမ်းကြံ့ခိုင်မှုကို အားကောင်းစေပါတယ်။ ဒါ့အပြင် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး ကိုယ်စိတ်နှလုံးကျန်းမာရေးအတွက်လည်း များစွာအကျိုးရှိတဲ့ လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။

(၄) ခပ်သွက်သွက် လမ်းလျောက်ခြင်း


Photo : Healthline

အချိန်တိုအတွင်း လျင်မြန်တဲ့ အရှိန်နဲ့ ခပ်သွက်သွက် လမ်းလျှောက်ခြင်းဟာ ကြွက်သားနဲ့ အရိုးအဆစ်တွေကို ကြံ့ခိုင်သန်စွမ်းစေရုံမက နှလုံးကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ တစ်ရက်ကို နာရီဝက်ခန့် ၊ တစ်ကြိမ်ကို ၁၀ မိနစ်စီ ပိုင်းခြားပြီး ခပ်သွက်သွက် လမ်းလျောက်နိုင်ပါတယ်။ တစ်ပတ်ကို အနည်းဆုံး ၄ ရက်ခန့် လမ်းလျောက်လေ့ကျင့်ခန်း ပြုလုပ်မယ်ဆိုရင် ကြွက်သားနဲ့ အရိုးအဆစ် တွေရဲ့ ကြံ့ခိုင်သန်မာမှုအတွက် လုံလောက်မှုရှိပြီပဲ ဖြစ်ပါတယ်။

Featured Photo : Sportskeeda