လုပ်စရာတပုံကြီး ထိုင်ကြည့်နေရင်း ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိဖြစ်နေတာမျိုး ကြုံဖူးကြမှာပါ။ စိတ်ခွန်အားအပြည့်နဲ့ အလုပ်လုပ်ချင်စိတ်မရှိဘဲ လုပ်နေရတာကိုက စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး အလုပ်လည်း ပြီးဖို့ မလွယ်ပါဘူး။ ဒါကြောင့် လုပ်ငန်းခွင်မှာ Motivation လိုနေတဲ့အခါ အလုပ်လုပ်ချင်စိတ် ပေါ်လာစေမယ့် ထူးထူးဆန်းဆန်း နည်းလမ်းတချို့အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) ဒဏ်ပေးစနစ် သုံးကြည့်ပါ

Man Work

Photo : Pexels

လူအတော်များများဟာ အလုပ်ကနေ ရလာမယ့် ဆုလာဘ်ကို ဦးတည်ပြီး လုပ်ကိုင်နေရင် ပိုပြီး စိတ်ခွန်အားဖြစ်မယ်လို့ ယူဆကြပါတယ်။ တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ် ဒဏ်ပေးတဲ့ စနစ်ကလည်း အလုပ်လုပ်ချင်စိတ်ကို ထိရောက်အောင် လှုံ့ဆော်နိုင်စွမ်းရှိပါတယ်။ ဥပမာ- Gym မသွားချင်ဘူးဖြစ်နေရင် ဂရိတ်ဖရုသီး ခါးခါး စားတာမျိုး ဒါမှမဟုတ်လည်း အိပ်ရာက အချိန်မီ မထ,ဖြစ်ရင် ရေအေးအေး Cold Shower ချိုးဖို့ လိုပါတယ်။ ဒဏ်ပေးတယ် ဆိုရာမှာ ကိုယ့်အတွက် အကျိုးများပြီး ကောင်းမွန်တဲ့ ဒဏ်ပေးစနစ် သုံးရမှာ ဖြစ်ပါတယ်။

(၂) ရွယ်တူတန်းတူ ဖိအားပေးမှု သုံးပါ

Hands

Photo : Pexels

ကိုယ်နဲ့ သက်တူရွယ်တူတွေရဲ့ ဖိအားပေးမှုကလည်း အလုပ်လုပ်ချင်စိတ် ဖြစ်လာအောင် တွန်းအားပေးနိုင်ပါတယ်။ ဒါကို Peer Pressure လို့ ခေါ်ပါတယ်။ ဥပမာအားဖြင့် အိမ်ကနေ အလုပ်ကို ပြန်ရောက်လာပြီးနောက် ဘယ်သူမဆို အနားယူချင်ကြပေမယ့် မိသားစုဝင်တွေ နဲ့ သူငယ်ချင်းတွေရဲ့ တွန်းအားပေးမှုကြောင့် Gym ကို သွားပြီး အားကစားလုပ်တာမျိုး ဖြစ်ပါတယ်။ ဝိတ်ချရာမှာလည်း အပေါင်းအသင်းတွေ တိုက်တွန်းပူးပေါင်းမှုကြောင့် စွဲစွဲမြဲမြဲ ဝိတ်ချဖြစ်သူတွေလည်း ရှိကြပါတယ်။ ဒါကြောင့် အလုပ်လုပ်ချင်စိတ် နည်းရင် Peer Pressure သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

(၃) ပြိုင်ဘက်တွေရဲ့ ဖိအားကို သုံးပါ

Success

Photo : Pexels

ဒီအချက်ကလည်း စိတ်ဝင်စားစရာပါ။ အလုပ်လုပ်ဖို့ သိပ်စိတ်မပါရင် ကိုယ့်ကို ကျော်တက်သွားမယ့် ပြိုင်ဘက်တွေကို မြင်ယောင်ကြည့်လိုက်ပါ။ အားကစားအသင်းတွေမှာ ပြိုင်ဘက်အသင်းရဲ့ လေးစားမှုကို ရဖို့ ကိုယ်ရောစိတ်ပါ အားအပြည့်ထည့် တွန်းပြီး စုစည်းအားနဲ့ ကြိုးစားတတ်တာမျိုး ဖြစ်ပါတယ်။ ပြိုင်ဘက်တွေ ကိုယ့်ရဲ့ အစွမ်းအစကို အထင်သေးမခံရအောင် ကြိုးစားချင်စိတ် မွေးတာကလည်း အလုပ်လုပ်ချင်စိတ်ကို တွန်းတင်နိုင်ပါတယ်။

Featured Photo : elearning Industry