လူတိုင်းမှာ ခုံမင်ရူးသွပ်ရာ Passion တွေ ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် အားလုံးကတော့ လက်ရှိလုပ်နေရတဲ့ အလုပ်နဲ့ ဝါသနာက ထပ်တူကျချင်မှ ကျပါလိမ့်မယ်။ ဝါသနာက ကိုယ့်အတွက် အရေးကြီးတယ်ဆိုပေမယ့် နေ့စဉ်အသက်ရှင်နေထိုင်ရေးအတွက် ဝါသနာနဲ့ မကိုက်တဲ့ အလုပ်တွေကိုလည်း လုပ်ကောင်းလုပ်နေ ကြရပါလိမ့်မယ်။ ကွီးတို့အနေနဲ့ ဝါသနာ နောက်ကိုပဲ တစိုက်မတ်မတ် လိုက်ဖို့ လက်ရှိအလုပ်က ထွက်လိုက်ပြန်ရင်လည်း စွန့်စားရာ ကျသွားနိုင်ပါတယ်။ ဒါဆိုရင် အလုပ်လုပ်ရင်းနဲ့ရော ကိုယ် ဝါသနာ ပါတဲ့အရာတွေ လုပ်လို့ မရနိုင်ဘူးလား။ အဖြေကတော့ Yes ပါ။ ဒီဆောင်းပါးလေးမှာတော့ အလုပ်လုပ်ရင်း ဝါသနာ နောက် လိုက်နိုင်ဖို့ နည်းလမ်းကောင်း တချို့ ကို ပြောပြပေးချင်ပါတယ်။

(၁) တစ်နေ့တာ အချိန်ကို စီမံခန့်ခွဲပါ

Photo : Unsplash

တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ ပြီးမြောက်ချိန်မှာ ကိုယ့်ရဲ့ အားလပ်ချိန်ကို ဘယ်လိုအရာတွေအတွက် အသုံးချမလဲဆိုတာ စီမံခန့်ခွဲတက်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ အားလပ်ချိန်ထဲက အနည်းဆုံး ၃ ပုံ ၂ ပုံကို စိတ်အားထက်သန်ရာ ဝါသနာ တွေအတွက် အချိန်ပေးလိုက်ပါ။ ဂိမ်းဆော့ ၊ ရုပ်ရှင်ကြည့်တာ ၊ ဆိုရှယ်မီဒီယာပေါ်မှာ အချိန်ဖြုန်းတာတွေ လျော့ပြီး ဝါသနာ အတွက် အားလပ်ချိန် တချို့တဝက်ကို အကျိုးရှိရှိ အသုံးပြုနိုင်ပါတယ်။

(၂) ပြင်ပကိစ္စတွေ လျှော့ပါ

Photo : University of Gibraltar

ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်ချင်တဲ့အရာတွေ လုပ်ရဖို့ဆိုရင် ထိုက်သင့်တဲ့ ရင်းနှီးမြုပ်နှံ့ တချို့တော့ ရှိရပါမယ်။ တစ်ခုလိုချင်ရင် တစ်ခုကိုတော့ ပေးဆပ်ရမှာပါ။ ဒီတော့ အလုပ်ချိန်ပြင်ပမှာပဲ ဖြစ်ဖြစ် ၊ အလုပ်ပိတ်ရက်တွေမှာပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ အပြင်သွားတာ ၊ လက်ဖက်ရည်ဆိုင် / ဘီယာဆိုင် ထိုင်တာ စတဲ့ ပြင်ပကိစ္စတွေကို တက်နိုင်သမျှ လျှော့လိုက်ပါ။ သင့်ရဲ့ အချိန်တွေထဲက အများစုကို ဝါသနာ တွေပေါ်မှာပဲ ရင်းနှီးမြုပ်နှံပြီး စိတ်အားထက်သန်ရာ အရာတွေကို လုပ်ဆောင်မယ်ဆိုရင် တစ်ချိန်မှာ သင်ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ လက်တွေ့အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်။

(၃) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ

Photo : Club Sweat Fitness

ဒါက အရေးကြီးပါတယ်။ ကျွန်တော်တို့ တစ်ခါတစ်လေမှာ ကိုယ်လုပ်နေသမျှ အရာတွေက အဓိပ္ပါယ်မဲ့နေလား ၊ အချိန်ဖြုန်းနေရုံသက်သက်ပဲလားဆိုတဲ့ သံသယအတွေးတွေ ဝင်တက်ပါတယ်။ ဒီအခါကိုယ့်ရဲ့ ဝါသနာ တွေကို လက်လွှတ်ပြီး သမားရိုးကျ ဘဝကိုပဲ ဖြတ်သန်းဖို့ ရွေးချယ်မိတက်ကြပါတယ်။ တကယ်တော့ သင့်လုပ်နေတဲ့အရာတွေအပေါ် သင်ကိုယ်တိုင် အပြည့်အဝ ယုံကြည်မှုထားရှိဖို့ လိုပါတယ်။ ကိုယ်လုပ်နေတဲ့အရာတွေအပေါ် ယုံကြည်မှုရှိမှလည်း ဘယ်လိုအခက်အခဲပဲ တွေ့တွေ့ နောက်မဆုတ်မှာပါ။ ဒါ့ကြောင့် ကိုယ်ဝါသနာပါတဲ့ အရာ ၊ စိတ်အားသန်တဲ့အရာက ကိုယ်အတွက် တကယ်ပဲ စစ်မှန်တယ်ဆိုရင် ယုံကြည်မှုအပြည့်နဲ့သာ လုပ်ဆောင်ပါ။

(၄) နယ်ပယ်ပေါင်းစုံက လေ့လာသင်ယူပါ


Photo : iStock

ကိုယ်ဝါသနာပါတဲ့ အရာတွေလုပ်ဖို့ ငွေကြေးအင်အားမတက်နိုင်ဘူး ၊ သိန်းချီတဲ့ သင်တန်းတွေ မတက်နိုင်ဘူးဆိုရင်တောင် အားမလျော့ပါနဲ့။ အခုလို အင်တာနက်ရှိရုံနဲ့ သိချင်သမျှအကြောင်းအရာတွေကို လေ့လာနိုင်တဲ့ ဒီဂျစ်တယ်ခေတ်မှာ အနည်းဆုံး အခြေခံလောက်ကတော့ ရှာဖွေလေ့လာလို့ ရနိုင်ပါတယ်။ နောက်တစ်ချက်က ကိုယ်စိတ်အားထက်သန်မှုရှိတဲ့ နယ်ပယ်က ဝါသနာတူ ဝါရင့်သူတွေဆီမှာ သိချင်တာတွေ မေးမြန်းပါ။ သင်ယူပါ။ လေ့လာပါ။ အဓိက ကတော့ ကိုယ်တိုင် ကြိုးစားအားထုတ်ချင်စိတ် ရှိနေဖို့ပဲ လိုပါတယ်။

Featured Photo : LinkedIn