ဘယ်အရာမဆို အစပိုင်းမှာ သို့မဟုတ် ပထမဆုံးအကြိမ်မှာ ခက်ခဲတတ်တာ ချည်းပါပဲ။ ထို့အတူ ကွီးတို့အပါအဝင် လူတော်တော်များများအတွက် အလုပ်အသစ် ရဲ့ ပထမဆုံးနေ့မှာ စိတ်လှုပ်ရှားစရာတွေ၊ စိတ်ဖိစီးမှုတွေ ရှိနေတတ်ပါတယ်။ ဘဝမှာ ပထမဆုံးလုပ်မဲ့ အလုပ်ဆိုရင်တော့ ပိုပြီး စိတ်လှုပ်ရှားနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်နဲ့အတူ တွဲဖက်လုပ်ကိုင်ရမဲ့သူတွေနဲ့ ပထမဆုံးတွေ့ဆုံရာမှာလည်း Impression ကောင်းဖို့လိုပါတယ်။ ဒါကြောင့် ကွီးတို့အတွက် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပမှာဖြစ်စေ အလုပ်သစ်ရဲ့ ပထမဆုံးနေ့မှာ စိတ်ဖိစီးမှုကင်းပြီး အဆင်ပြေချောမွေ့စေဖို့ ပြုမူလုပ်ဆောင်သင့်တဲ့ အရာများကို ဖော်ပြပေးချင်ပါတယ်။

နောက်မကျပါစေနဲ့

အလုပ်သစ်ရဲ့ ပထမဆုံးနေ့မှာ

Photo : Market Watch

ကွီးတို့ရေ အလုပ်သစ်ရဲ့ ပထမဆုံးနေ့မှာ လုံးဝကို သတိထားရမဲ့အရာကတော့ နောက်မကျဖို့ပါပဲ။ ပထမဆုံးနေ့မှာ နောက်ကျတာဟာ ကွီးတို့ရဲ့ First Impression ကို ဆိုးဝါးစေမှာပါ။ ဒါကြောင့် ကွီးတို့ အလုပ်တည်ရှိရာနေရာ၊ လမ်းကြောင်း၊ ယာဉ်ကြောအခြေအနေ စသည်တို့ကို ကြိုတင်လေ့လာထားပါ။ အနည်းငယ်စောထွက်ပါ။ ရုံးချိန် ထက် ၁၅ မိနစ်ခန့် ကြို‌ရောက်တာ ဟာ အကောင်းဆုံးပါပဲ။

ဝတ်စားဆင်ယင်မှုကို ဂရုစိုက်ပါ

အလုပ်သစ်ရဲ့ ပထမဆုံးနေ့မှာ

Photo : Dappered

ယနေ့ခေတ်မှာ အချို့သော ကုမ္ပဏီများက လုပ်ငန်းခွင်မှာ ဝတ်ရမဲ့ အဝတ်အစားကို တင်းတင်းကျပ်ကျပ် မကန့်သတ်ထားသော်လည်းပဲ ကွီးတို့အနေနဲ့ ဝတ်စားဆင်ယင်မှုကို ဂရုစိုက်ဖို့လိုပါတယ်။ သပ်ရပ်သန့်ရှင်းပြီး ကွီးတို့လုပ်ကိုင်မဲ့ ရာထူးနဲ့ ပရော်ဖက်ရှင်နယ်ဆန်သော ဝတ်စားဆင်ယင်မှုကို အလေးပေးပါ။ အချို့သောလုပ်ငန်းခွင်များမှာ တူညီဝတ်စုံ (Uniform) များ ဝတ်ဆင်ရပါတယ်။ ထိုသို့ဝတ်ဆင်ရတဲ့ အခါမှာလည်း ၎င်းတို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်း သပ်ရပ်သေချာစွာ ဝတ်ဆင်ပါ။

ကိုယ့်ကိုယ်ကို မိတ်ဆက်ဖို့ သေချာပြင်ဆင်ပါ

အလုပ်အသစ်ရဲ့ ပထမဆုံးနေ့မှ

Photo : Northeastern

ကွီးတို့ရဲ့ အကြောင်း၊ အလုပ်နဲ့ ပတ်သတ်တာများကို အင်တာဗျုးမှာ တင်ပြပြီးပြီဆိုပေမဲ့ အခုမှစလုပ်မဲ့ အလုပ်မှာ အတူလုပ်ရမဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကွီးတို့အကြောင်းကို သေချာသိမှာမဟုတ်ပါဘူး။ ဒါကြောင့် ကွီးတို့အကြောင်းကို ကိုယ့်ကိုယ်ကို မိတ်ဆက်နိုင်ဖို့ ၁ မိနစ်စာခန့် ပြင်ဆင်သွားပါ။ ကွီးတို့လုပ်ကိုင်ရမဲ့ ရာထူးကိုလည်း သေချာစွာ ထည့်သွင်းမိတ်ဆက်ပါ။ မိတ်ဆက်တဲ့ အခါမှာလည်း ကွီးတို့နဲ့ ပတ်သတ်တဲ့ ၎င်းတို့ သင့်သိထိုက်တဲ့ အကြောင်းအရာများကို အကျဉ်းချုပ် သေချာပြင်ဆင်ပြီး မိတ်ဆက်ခြင်းဖြင့် ကွီးတို့လုပ်ဖော်ကိုင်ဖက်‌တွေနဲ့ ရင်နှီးဖို့ ပိုမိုမြန်ဆန်စေပါတယ်။

စိတ်ကိုလျှော့ပါ

အလုပ်သစ်ရဲ့ ပထမဆုံးနေ့မှာ

Photo : Lawyer Monthly

အလုပ်သစ်ရဲ့ ပထမဆုံးနေ့မှာ ဘယ်သူမဆို စိုးရိမ်ပူပန်မှု အနည်းငယ်နဲ့ စိတ်လှုပ်ရှားမှုတော့ ရှိတတ်ပါတယ်။ စိုးရိမ်ပူပန်မှုများလွန်းရင်တော့ မလိုလားအပ်တဲ့ အမှားတွေလုပ်မိတတ်ပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ စိတ်ကိုလျှော့ချထားပြီး ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ ကွီးတို့အနေနဲ့ အခက်အခဲတချို့ တွေ့နိုင်သော်လည်းပဲ ဖြစ်တတ်တယ်ဆိုတာ သတိရပါ။ ပထမဆုံးနေ့ ဖြစ်တဲ့အတွက် ကွီးတို့မသိတာတွေ အများကြီးရှိတတ်တာ ပုံမှန်ပါပဲ။ မစိုးရိမ်ပါနဲ့၊ မကြာခင် အသားကျပြီး အဆင်ပြေသွားပါလိမ့်မယ်။ ဒါ့အပြင် ကွီးတို့အခက်အခဲကို ကွီးတို့ထက် စီနီယာကျတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မေးမြန်းပါ၊ အကူအညီတောင်းပါ။

မရှက်ပါနဲ့၊ တတ်နိုင်သမျှ လူများများနဲ့စကားပြောပါ

First day at work

Photo : About Her

ကွီးတို့ရေ လူအသစ်တွေ၊ ပတ်ဝန်းကျင်အသစ်တွေနဲ့ ထိတွေ့ဆက်ဆံရတာ မလွယ်ကူပါဘူး။ သို့သော်လည်း ကွီးတို့အနေနဲ့ ရေရှည်မှာ အလုပ်တွဲလုပ်ရမဲ့ လူတွေဖြစ်တဲ့အတွက် ဆက်ဆံပြောဆိုရမှာ မရှက်ပါနဲ့။ လူတိုင်းကိုဖော်ဖော်ရွေရွေ လေးလေးစားစားဆက်ဆံပါ။ တတ်နိုင်သမျှ လူများများနဲ့ စကားပြောပါ။ အစပိုင်းတွင် ကွီးတို့ရနိုင်တဲ့ အကျိုးအမြတ်ကတော့ ကွီးတို့လုပ်ဖော်ကိုင်ဖက်များရဲ့ ရှုထောင့်မှ ဌာနလည်ပတ်ပုံနဲ့ လုပ်ငန်းအချက်အလက်များပဲ ဖြစ်ပါတယ်။ ကွီးတို့ဟာ ပေါင်းသင်းရတာလွယ်ကူပြီး ဖော်ရွေတတ်တဲ့သူလို့ သိထားရင် ယုံကြည်မှုကို ထူထောင်ရာမှာ မှန်ကန်တဲ့ခြေတလှမ်းနဲ့ စတင်ပါလိမ့်မယ်။ ပထမဆုံးနေ့မှာ အနည်းဆုံး လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့် မိတ်ဖွဲ့ဖို့ ကြိုးစားပါ။

ပြုံးပါ

First day at work

Photo : Pembroke Dental Ballsbridge

ကွီးတို့ရေ စတင်နှုတ်ဆက်တဲ့ အချိန်ကစပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဖွဲ့တဲ့အထိ မကြာခဏပြုံးဖို့ မမေ့ပါနဲ့။ ကွီးတို့အနေနဲ့ ဒီအလုပ်ကို လုပ်ဖို့အတွက် အားအင်အပြည့်နဲ မည်မျှပျော်ရွှင်ပြီး စိတ်အားထက်သန်နေမည်ကို ပေါ်လွင်အောင် ပြသပါ။ ဒါ့အပြင် ကွီးတို့ရဲ့ အထက်လူကြီးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ ပြေတာကို သေချာအလေးပေးပြီး နားထောင်ပါ။ ကွီးတို့ဖုန်းကို နှုတ်ဆက်နေစဉ်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောနေစဉ်မှာ အသံပိတ်ထားဖို့ မမေ့ပါနဲ့။

ပရော်ဖက်ရှင်နယ် စည်းမျဉ်းတွေကို လေ့လာထားပါ

First day at work

Photo : First Financial Federal

ကွီးတို့ရဲ့ အလုပ်သစ်ရဲ့ ပထမဆုံးနေ့မှာ ပရော်ဖက်ရှင်နယ် ဆန်ဆန်နှုတ်ဆက်ဖို့ လေ့ကျင့်ပြင်ဆင်ထားပါ။ ကွီးတို့ရဲ့ အပြုအမူတွေကလည်း ပရော်ဖက်ရှင်နယ် ဆန်ပါစေ။ ထို့အပြင် ကွီးတို့ရဲ့ အထက်လူကြီး သို့မဟုတ် အလုပ်ရှင်က ကွီးတို့ရဲ့ တာဝန်ဝတ္တရားများကို စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ ဖော်ပြချက်ပေးလိမ့်မယ်၊ ထိုအခါမှာလည်း ကွီးတို့အနေနဲ့ ပရော်ဖက်ရှင်နယ်စွာ တုံပြန်နိုင်ဖို့ ကြိုတင်ပြင်ဆင် လေ့လာထားသင့်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ပြည်တွင်းမှာဖြစ်စေ၊ ပြည်ပမှာဖြစ်စေ၊ အလုပ်အသစ်ကို ဝင်ရောက်တဲ့ အခါမှာ အဆင်ပြေချောမွေ့ပြီး Impression ကောင်းကောင်းရစေဖို့ ပြုလုပ်သင့်တဲ့ အရာလေးတွေပဲ ဖြစ်ပါတယ်။

Source : World Economic Forum

Featured Photo : FluentU