လုပ်ငန်းခွင်ဝင်နေရတဲ့ ဝန်ထမ်းတိုင်းမှာ ရာထူးကြီးငယ်အလိုက် ဖိအားနဲ့ စိတ်ဖိစီးမှုတွေဟာ အမြဲတမ်း ရှိကြစမြဲပါ။ စိတ်ဖိစီးမှုတွေကို ကောင်းစွာထိန်းညှိ ကိုင်တွယ်နိုင်ခြင်း မရှိရင် ကွီးတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ အပါအဝင် ခန္ဓာကိုယ်ရဲ့အလုံးစုံ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပြီး အချိန်ကြာလာတာနဲ့အမျှ လုပ်ငန်းစွမ်းဆောင်ရည် ကျဆင်းလာတဲ့အထိ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ဒီဆောင်းပါးလေး ကနေတဆင့် ကွီးတို့ အလုပ်ခွင်မှာ ကြုံတွေ့နေရတဲ့ ဖိအား နဲ့ စိတ်ဖိစီးမှုတွေကို ပြေလျော့သက်သာစေမယ့် ရိုးရှင်းတဲ့ အကြံပြုချက် ၄ ချက်ကို ပြောပြပေးချင်ပါတယ်။

(၁) အလုပ်တာဝန်တွေကို သေချာစီမံခန့်ခွဲပါ


Photo : Cultivate Advisors

လုပ်ငန်းတာဝန်တွေအပေါ် ကောင်းကောင်းသေချာ စီမံခန့်ခွဲမှုရှိမယ်ဆိုရင် လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲနဲ့ ပြဿနာတွေကို ကျော်လွှားနိုင်ပြီး ဖိအားတွေ လျော့ပါးသက်သာလာတာကို ခံစားရစေမှာပါ။ ဒါကြောင့် ကွီးတို့ တစ်နေ့တာ လုပ်ဆောင်ရမယ့် အလုပ်တာဝန်တွေကို စနစ်တကျ စီမံခန့်ခွဲပါ။ စိန်ခေါ်မှုများတဲ့ အလုပ်တွေ ၊ အခက်ခဲဆုံးအပိုင်းတွေကို ဦးစားပေးလုပ်ပါ။ လုပ်စရာအလုပ်တာဝန်တွေကို စာရင်းတစ်ခုရေးဆွဲပြီး တစ်ပိုင်းစီကို တစ်ခုချင်းဖြတ်သွားမယ်ဆိုရင် အလုပ်ပိုတွင်သလို အလုပ်ပြီးမြောက်မှုလည်း မြန်ဆန်ပြီး စိတ်ဖိစီးမှုတွေ နည်းလာစေမှာပဲ ဖြစ်ပါတယ်။

(၂) မနိုင်ဝန်ထမ်းတာမျိုး ရှောင်ပါ

work overload

Photo : Inc. Magazine

အလုပ်နဲ့ ပတ်သတ်ပြီး ကြိုးစားလိုစိတ်ပြင်းပြတာ ၊ အလုပ်လောဘကြီးတာက ကောင်းပါတယ်။ ဒါပေမယ့် သတိထားရမှာက အလုပ်ဝန်ပိတဲ့အထိ မနိုင်ဝန် မထမ်းမိစေဖို့ပါပဲ။ ကွီးတို့လုပ်နိုင်တာထက်ပိုပြီး အဆမတန် ကိုယ့်ကိုယ်ကိုယ် ခိုင်းစေနေမိမယ်ဆိုရင် အချိန်ကြာလာတာနဲ့ စိတ်ရောလူပါ ပင်ပန်းလာပြီး ဖိအား များလာပါလိမ့်မယ်။ ဒါကြောင့် အလုပ်တာဝန်တွေကို များနိုင်သမျှများများ လုပ်ကိုင်နိုင်ဖို့ထက် နိုင်နိုင်နင်းနင်းနဲ့ အကောင်းဆုံးရလဒ်ထွက်အောင်သာ သေချာလေး စမတ်ကျကျ လုပ်ဆောင်တက်ဖို့ အရေးကြီးပါတယ်။

(၃) အလုပ်နဲ့ ကိုယ်ပိုင်ဘဝ ဟန်ချက်ညီမျှအောင်နေပါ

Work-Life Balance

Photo : Certified Source

အချိန်တိုင်း အလုပ်ပြီးရင်အလုပ်ပဲ ခေါင်းထဲထည့်နေလို့ မရပါဘူး။ အလုပ်မှာ အမှန်တကယ် စွမ်းဆောင်ရည်ကောင်းပြီး တိုးတက်အောင်မြင်ချင်တယ်ဆိုရင် အလုပ်နဲ့ ကိုယ်ပိုင်ဘဝကို ဟန်ချက်ညီမျှအောင် ထိန်းသိမ်းတက်ဖို့ အရေးကြီးဆုံး တစ်ချက်တစ်ခု ဖြစ်ပါတယ်။ အလုပ်ကို အချိန်အခါနဲ့ လုပ်သင့်သလို ၊ ကိုယ်ပိုင်အချိန် ၊ ကိုယ်ပိုင်ဘဝအတွက်လည်း အချိန်သပ်သပ် ခွဲခြား သတ်မှတ်ထားဖို့ လိုပါတယ်။ ဒါမှသာ လုပ်ငန်းခွင် ဖိအားတွေ သက်သာပြီး အလုပ်ခွင်မှာရော ကိုယ်ပိုင်ဘဝမှာပါ တိုးတက်အောင်မြင် ပျော်ရွှင်ခြင်းတွေကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

(၄) လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ပါ

teamwork

Photo : Monitask

ဖိအား နည်းပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်စေဖို့ဆို အလုပ်ခွင်အတွင်း ပေါင်းသင်းဆက်ဆံရေးပိုင်းကိုလည်း မေ့မထားဖို့ လိုပါတယ်။ နေ့တိုင်းလိုလို တစ်နေရာတည်း ၊ ဌာနတစ်ခုတည်းမှာ မြင်တွေ့ပြောဆို ဆက်ဆံနေရမယ့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကိုယ်နဲ့ကြားမှာ ခင်မင်ရင်းနှီးမှုရှိတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားနိုင်မှသာ အလုပ်လုပ်ရတာ ပျော်စရာကောင်းမှာ ဖြစ်သလို အသင်းအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်ရတဲ့ အချိန်တွေမှာလည်း ညှိနှိုင်းမှုရှိရှိ အချိတ်အဆက်မိမိနဲ့ တက်ညီလက်ညီ လုပ်ငန်းတာဝန်တွေကို ပြီးမြောက်အောင်မြင်အောင် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Forbes