တစ်ခါတစ်လေ အလုပ် ထဲမှာ အာရုံဘယ်လိုမှ စိုက်မရတဲ့ အခြေအနေမျိုး ကြုံဖူးပါလိမ့်မယ်။ ဒါဟာ ကွီးတို့တစ်ယောက်တည်း မဟုတ်ပါဘူး။ အလုပ်မှာ အာရုံစိုက်မရတဲ့ ပြဿနာဟာ ဒီခေတ်လူတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီး တစ်ခုပါပဲ။ တစ်ချို့နေတွေမှာ ဖုန်းလေးပွတ်ရင်း ၊ ဆိုရှယ်မီဒီယာလေးကြည့်ရင်းနဲ့ အချိန်တွေကုန်လို့ ကုန်သွားမှန်းမသိ ၊ အလုပ်တွေ အချိန်မီ မပြီးပြတ်တာမျိုး ဖြစ်တက်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် ကွီးတို့ရဲ့ အလုပ် ထဲကို ကောင်းကောင်း အာရုံစိုက် ထားနိုင်ဖို့ လိုက်နာရမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) သက်တောင့်သက်သာဖြစ်တဲ့ အလုပ်စားပွဲကို ဖန်တီးပါ

Photo : Mocah Wallpapers

တစ်နေ့တာရဲ့ အချိန်တော်တော်များများ ကုန်ဆုံးနေရတဲ့ အလုပ်စားပွဲဟာ ကွီးတို့အတွက် သက်တောင့်သက်သာရှိဖို့ အရေးကြီးပါတယ်။ ဒါမှလည်း အလုပ်စားပွဲမှာ ကြာကြာထိုင်ချင်ပြီး အလုပ်တွေပြီးပြတ်အောင် အာရုံစိုက် ပြီးလုပ်နိုင်မှာပါ။ ဒါကြောင့် ကွီးတို့ရဲ့ အလုပ်စားပွဲကို ပိုပြီး သက်တောင့်သက်သာနဲ့ အလုပ်လုပ်ချင်စဖွယ်ဖြစ်အောင် အဆင့်မြှင့်တင်ပါ။ အလုပ်စားပွဲပေါ်မှာ ဖိုင်တွေ စာရွက်စာတမ်းတွေကို သပ်သပ်ရပ်ရပ် ခင်းကျင်းထားပါ။ ထိုင်ရတာပိုပြီး သက်တောင့်သက်သာ ရှိစေမယ့် ထိုင်ခုံးမျိုး အသစ်လဲပါ။ စိတ်ကြည်လင်လန်းဆန်းအောင် နေရောင် ခြည်နဲ့ သဘာဝလေရနိုင်မယ့် ပြတင်းပေါက်နဲ့ နီးတဲ့နေရာမှာ အလုပ်စားပွဲထားပါ။ ဝါသနာပါပါက စားပွဲတင်အိမ်တွင်းအပင် ပန်းအိုးလေးတွေလည်း အလုပ်စားပွဲပေါ်မှာ အလှဆင်ထားနိုင်ပါတယ်။

(၂) အချိန်ခွဲထားပါ

Photo : EPGD Business Law

မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ တောက်လျောက်အလုပ်ထိုင်လုပ်နေဖို့ဆိုတာ တော်ရုံမလွယ်တဲ့ ကိစ္စပါ။ ကျွန်တော်တို့ဟာ စက်တပ်ထားတဲ့ စက်ရုပ်လူသားတွေ မဟုတ်တဲ့အတွက် အလုပ်လုပ်ချိန် ၊ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို အနားပေးချိန် ဆိုပြီး သက်သက်ခွဲထားဖို့ လိုပါတယ်။ ၂ နာရီလောက် အလုပ် ဆက်တိုက်လုပ်ပြီးချိန်မှာ ၁၀ မိနစ်လောက် အနားယူပါ။ ကော်ဖီသောက်တာ ၊ လမ်းလျှောက်ထွက်တာ ၊ လေကောင်း လေသန့်ရှုရှိုက်တာမျိုး လုပ်နိုင်ပါတယ်။ ဒါမှလည်း အလုပ်ပေါ်မှာ နောက်ထပ်နာရီပေါင်းများစွာ အာရုံစိုက် မှုအပြည့်နဲ့ လုပ်နိုင်မှာပါ။

(၃) ဦးစားပေးအလုပ်တွေ အရင်လုပ်ပါ

Photo : Lake Michigan College

တစ်ခါတစ်လေ အလုပ်တွေအရမ်းပုံနေရင် ဘယ်ကနေဘယ်လိုစပြီး လုပ်ရမလဲဆိုတာ မဝေခွဲနိုင်တော့ပဲ အချိန်တွေကုန်လို့ ကုန်သွားမှန်းမသိ အချိန်ဖြုန်းမိ သွားတက်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် ထိရောက်တဲ့တစ်ခုတည်းသောနည်းလမ်းက အလုပ် တာဝန်တွေကို တစ်ပိုင်းစီခွဲထုတ်လိုက်တာပါပဲ။ ကွီးတို့အတွက် ဘယ်အလုပ်က ပိုအရေးကြီးလဲ ၊ ဘယ်အလုပ်က Deadline နားကပ်နေပြီလဲဆိုတာကို စီစစ်ရွေးချယ်ပါ။ အရင်ဆုံး အရေးကြီးတဲ့ အလုပ်တွေကို ဦးစားပေးလုပ်ပြီးမှ နောက်ထပ်နောက်ထပ် လက်ကျန်အလုပ်တွေကို တဆင့်ချင်းဖြတ်သွားပါ။ ဒါဟာ အလုပ်မြန်မြန်ပြီးမြောက်နိုင်သလို အချိန်ကုန်တာလည်း သက်သာစေပါတယ်။

(၄) Notification အသံပိတ်ထားပါ

Photo : 1Eighty Digital

တစ်နာရီအတွင်း ပြီးပြတ်နိုင်တဲ့ အလုပ် တစ်ခုကို တစ်နာရီအတွင်းမှာ ပြီးအောင်လုပ်နိုင်ချင်တယ်ဆိုရင် တခြားသောအရာတွေကို အာရုံထဲက ခဏဖျောက်ထားဖို့ လိုပါတယ်။ ဒီနေရာမှာ ကြီးမားတဲ့ အနှောက်ယှက်တစ်ခုက ဖုန်းကနေ ထွက်လာတဲ့ Notification အသံတွေပါပဲ။ ဘယ်သူစာပို့တယ်၊ ဆိုရှယ်မီဒီယာပေါ်မှာ ဘာသတင်းတက်လာတယ် စသည်ဖြင့် သတိပေးအချက်ပြနေတဲ့ Notification အသံတွေက ကွီးတို့ရဲ့ အလုပ်အပေါ် အာရုံစိုက်မှုကို ပျက်ပြားစေပါတယ်။ ဒါကြောင့် အလုပ်တစ်ခုကို ပြီးမြောက်အောင် အာရုံစိုက် မှုအပြည့်နဲ့ လုပ်တော့မယ်ဆိုရင် Notification အသံပိတ်ထားပြီသာ လုပ်ပါ။

(၅) Productivity Apps တွေသုံးပါ

Photo : Popular Science

နည်းပညာဟာ သုံးတက်ရင်ဆေး မသုံးတက်ရင်ဘေး ဆိုသလိုပါပဲ အကျိုးရှိရှိအသုံးချနိုင်ရင် ကွီးတို့အတွက် တကယ့်ကို အကျိုးများပါတယ်။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းကို တဆင့်တွန်းတင်ပေးနိုင်မယ့် အသုံးဝင်တဲ့ Productivity Apps တွေအများကြီး ပေါ်လာပါပြီ။ Productivity Apps တွေကိုအသုံးချပြီး ကွီးတို့ အလုပ် ပေါ် အာရုံစိုက် နိုင်စွမ်း ၊ အလုပ်ပြီးမြောက်နိုင်စွမ်းတွေမှာ ရလဒ်ကောင်းရအောင် အသုံးပြုလို့ ရပါတယ်။

Featured Photo : Indiatimes.com