ကလပ်အသင်း တော်တော်များများက အလွတ် ပြောင်းရွှေ့ကြေးတွေနဲ့ ကစားသမားတွေကို ခေါ်ယူတတ်လေ့ ရှိကြပါတယ်။ ဥပမာ ဂျုဗင်တပ်စ် ရိုးမား နဲ့ ဘာစီလိုနာတို့လို အသင်းတွေပါ။ ဒီနွေမှာတော့ ရိုးမား နဲ့ ဘာစီလိုနာ တို့က အလွတ်နဲ့ ကစားသမားသစ် (၂)ဦးစီ ခေါ်ယူထားခဲ့ကြပါတယ်။ ဒီ(၂)သင်းထဲက ဘာစီလိုနာအသင်းအကြောင်း ပြောသွားချင်ပါတယ်။
Photo Credit : Twitter
ရိုးမားအကြောင်း မပြောပဲနဲ့ ဘာစီလိုနာအကြောင်းကို ဘာကြောင့် ဦးစားပေး ပြောရသလဲဆိုတော့ သူတို့က အလွတ်နဲ့ ခေါ်ယူတာတောင်မှ ကစားသမားကောင်းတွေကို ရွေးချယ် ခေါ်ယူနိုင်တာမို့ပါ။ ဘောလုံးသမား အများစုမှာ “တစ်နေ့ ငါ ရီးယဲလ် ဒါမှမဟုတ် ဘာစီလိုနာ အသင်းတွေမှာ ကစားခွင့် ရကိုရရမယ်” ဆိုတဲ့ စိတ်ကူး အိမ်မက်တွေလည်း ရှိတတ်ကြတာမို့ ဒီတချက်တည်းနဲ့သာ ကစားသမားတွေကို ဆွဲဆောင်နေနိုင်တာလို့ ပြောရင်လည်း မမှားနိုင်ပါဘူး။ ဒါကြောင့်လည်း ဂွန်ဒိုဂန်လို ကစားသမားကောင်းတစ်ဦးက မန်စီးတီးနဲ့ စာချုပ်သက်တမ်း တိုးမယ်ဆိုလည်း ဖြစ်ရဲ့သားနဲ့ ဒါမှမဟုတ် အာတေတာရဲ့ အာဆင်နယ်ဆီ ပြောင်းမယ်ဆိုလည်း အဆင်ပြေရဲ့သားနဲ့ ဘာစီလိုနာကိုပဲ ရဲရဲကြီး ရွေးချယ်ခဲ့ပါတယ်။
Photo Credit : Intel Region
ဒါတောင် ဒီနောက်ပိုင်းမှသာ ဆော်ဒီကလပ်တွေရဲ့ ကစားသမားတွေအတွက် လုပ်ခလစာတွေ တနင့်တပိုးနဲ့ ကမ်းလှမ်းလာမှုတွေကြောင့်သာ ဘာစီလိုနာက ဂွန်ဒိုဂန် နဲ့ မာတီနက်ဇ်တို့ (၂)ယောက်တည်းသာ ခေါ်ယူထားနိုင်တာ ဖြစ်ပါတယ်။ မဟုတ်ရင် ဘာစီလိုနာ က ကန်တေ ဖာမီနိုတို့လို ကစားသမားတွေကိုပါ ဆက်ပြီး ကြိုးပမ်းနိုင်ပါသေးတယ်။ ဒါပေမယ့် သူတို့ ကြိုးစားသလောက် မခေါ်ယူနိုင်တော့တာက လီယွန်နယ် မက်ဆီပါ။ မက်ဆီကိုလည်း အလွတ်နဲ့ ပြန်လည် ကြိုးပမ်းခဲ့ပေမယ့် မက်ဆီကတော့ ဘက်ခမ်းရဲ့ အင်တာ မိုင်ယာမီကိုသာ ရွေးချယ်သွားပါတယ်။
Photo Credit : Twitter
ဒီနွေမှာ ဘာစီလိုနာ ခေါ်ယူထားတဲ့ ကစားသမားက (၂)ဦး။ (၂)ဦးလုံး free။ တစ်ဦးက မန်စီးတီး ကွင်းလယ်လူဟောင်း တနည်း ပူပူနွေးနွေး treble champions ဂွန်ဒိုဂန်။ နောက်တစ်ဦးက ကျွန်တော်တို့ မြန်မာနိုင်ငံဆီ လာရောက်ဖူးတဲ့ ရှားရှားပါးပါး ဘောလုံးသမား အင်နီဂို မာတီနက်ဇ်။ သူကတော့ ခံစစ်မှူးပါ။ ကစားသမား (၂)ယောက်လုံးကတော့ အသက် (၃၀)ကျော် ဝါရင့် ကစားသမားတွေ။ အထူးသဖြင့် ဘာစီလိုနာနဲ့ အံ့ဝင်နိုင်မယ့် ကစားသမားတွေဖြစ်လို့ ဘာစီလိုနာအတွက် အကျိုး ထပ်ရှိစေမယ့် အလွတ် ခေါ်ယူမှုတွေ ဖြစ်လာဖို့ ရှိနေပါတယ်။
Featured Photo : Twitter