ကျွန်တော်တို့ ယောကျာ်းလေးအများစု ဖက်ရှင်ကျကျ ဝတ်စားတက်ဖို့နည်းလမ်းတွေကို စိတ်ဝင်တစား လေ့လာကျပေမယ့် ကိုယ့်ရဲ့ ဖက်ရှင်အသုံးအဆောင်တွေကို ဘယ်လို နည်းလမ်းမှန်ကန်စွာ ထိန်းသိမ်းရမလဲဆိုတာကိုတော့ သိပ်မသိကြပါဘူး။ တကယ်တော့ ဒါဟာ ဖက်ရှင်နဲ့ပတ်သတ်ပြီး သိထားရမယ့် အခြေခံအကျဆုံး အချက်တစ်ခုလို့ ပြောလို့ရပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ အကြိုက်ဆုံး အဝတ်အစား တွေကို အချိန်ကြာကြာ နှစ်ရှည်ဝတ်နိုင်ဖို့ မှန်ကန်တဲ့ ထိန်းသိမ်းနည်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) အရည်အသွေးကောင်းတဲ့ အဝတ်အစားတွေကို ဝယ်ပါ

 quality clothing

Photo : Original Luxury

ဖက်ရှင်အတွက် ရင်းနှီးမြုပ်နှံဖို့ ဘယ်တော့မှ လက်မတွန့်ပါနဲ့လို့ အကြံပေးချင်ပါတယ်။ အရည်အသွေးမြင့်ပြီး ကွာလတီကောင်းတဲ့ အဝတ်အစားတွေနဲ့ သာမာန်ရိုးကျ အလတ်စားကွာလတီ အဝတ်အစား တွေဟာ တကယ်တော့ အများကြီး ကွဲပြားပါတယ်။ ချုပ်ရိုးချုပ်သား ၊ Cutting ကျနမှု ၊ အထည်အရည်အသွေး ၊ အရောင်အဆင်း ၊ ကြာရှည်ခံနိုင်မှုတွေပိုင်းမှာ သိသိသာသာ ကွဲပြားတာကို တွေ့ရမှာပါ။ ဒါကြောင့် အဝတ်အစားဝယ်တဲ့အခါ အနည်းဆုံးတော့ အရည်အသွေးကောင်းပြီး ကွာလတီမြင့်တဲ့ အဝတ်အစားတွေကို တက်နိုင်သမျှ ဝယ်ယူဖို့ တိုက်တွန်းချင်ပါတယ်။

(၂) တစ်ထည်တည်းကိုပဲ ထပ်တလဲလဲ ဝတ်ဆင်ခြင်းကို ရှောင်ပါ

Photo : Perk – Perk

ကျွန်တော်တို့ အားလုံးမှာ အရမ်းကြိုက်ပြီး ဝတ်ရတာ သက်သာတောင့်သာနဲ့ ယုံကြည်မှုရှိတယ်လို့ ခံစားရတဲ့ အင်္ကျီ ဒါမှမဟုတ် ဘောင်းဘီတစ်ထည်တော့ အနည်းဆုံး ရှိကြပါတယ်။ သို့သော်လည်း ဒီလိုအရမ်းကြိုက်တဲ့ အဝတ်အစားတွေကိုပဲ မကြာခဏ ဝတ်တက်တဲ့ အကျင့်ရှိရင် ဒီနေ့ကစ ပြုပြင်လိုက်ပါ။ အဝတ်အစား တစ်ထည်တည်းကိုပဲ ထပ်ခါတလဲလဲ ဝတ်နေရင် အဟောင်းမြန်သလို ကွီးတို့ရဲ့ ဖက်ရှင်ကလည်း ငြီးငွေ့စရာ ဖြစ်နေမှာပါ။ ဒါကြောင့် မတူညီတဲ့ အဝတ်အစားတွေကိုလည်း ပြောင်းလဲဝတ်ဆင်ဖို့ အကြံပေးချင်ပါတယ်။

(၃) အထည်ပါ လမ်းညွှန်ချက်တွေကို သေချာဖတ်ပါ

 labels

Photo : Elite Labels

အဝတ်အစားတွေမှာ လျှော်ဖွတ်ထိန်းသိမ်းနည်း လမ်းညွှန်းချက်လေးတွေ ပါပါတယ်။ အဝတ်အစားတွေကို အလွယ်တကူ ပျက်စီးခြင်းကနေ ကာကွယ်ဖို့ရန်အတွက် သင့်လျှော်တဲ့ လျှော်ဖွပ်နည်း ၊ အခြောက်ခံနည်းနဲ့ မီးပူတိုက်နည်းတို့ကို စနစ်တကျ လမ်းညွှန်းထားတက်ပါတယ်။ ဒီလို လမ်းညွှန်းချက် အညွှန်းလေးတွေကို သေချာဖတ်ပြီး လိုက်နာမယ်ဆိုရင်တော့ ကွီးတို့ရဲ့ အဝတ်အစားတွေကို  ပျက်စီးမှုနည်းနည်းနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

(၄) အဝတ်လျှော်ဆပ်ပြာ ခွဲခြားအသုံးပြုပါ

 detergent

Photo : Real Simple

မတူညီတဲ့ အဝတ်အစား တွေအလိုက် အဝတ်လျှော်ဆပ်ပြာ ကိုလည်း အမျိုးမျိုး ခွဲခြား အသုံးပြုပေးဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် ချည်ထည်တွေအတွက်ဆို နူးညံ့ပျော့ပြောင်းတဲ့အထည်တွေအတွက် သီးသန့်ထုတ်ထားတဲ့ အပျော့စား ဆပ်ပြာကို အသုံးပြုလျှော်ပေးရမှာဖြစ်ပြီး Polyester နဲ့ နိုင်လွန်ကဲ့သို့ အထည်တွေအတွက်ဆိုရင် ပုံမှန်အဝတ်လျှော် ဆပ်ပြာကို အသုံးပြုနိုင်ပါတယ်။ သိုးမွှေးနဲ့ ပိုးထည်တွေအတွက်ကိုတော့ အထူးထုတ်လုပ်ထားတဲ့ အပျော့စား ဆပ်ပြာကို အသုံးပြုပြီး လျှော်ဖွတ်ရမှာ ဖြစ်ပါတယ်။ အဝတ်လျှော်ဆပ်ပြာ မှန်ကန်စွာအသုံးပြုခြင်းက အဝတ်အထည်တွေ ပျက်စီးတာ ၊ ကျုံ့သွားတာ ၊ အရောင်မှိန်တာ စတဲ့ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၅) ချိတ်နဲ့ ချိတ်ဆွဲထားပါ

 clothing

Photo : Braun Household Singapore

ပုံမှန်အားဖြင့် အဝတ်အစား တွေကို ခေါက်ပြီး ဗီရိုထဲမှာ သိမ်းဆည်းထားလေ့ ရှိပါတယ်။ တကယ်တော့ အဝတ်အစားတွေကို ခေါက်သိမ်းထားတာဟာ ခေါက်ရာကိုထင်းစေပြီး အထည်ကိုပုံပျက် စေနိုင်ပါတယ်။ အထည်ရဲ့ ပုံသဏ္ဌာန်ကို မပျက်စီးစေပဲ အချိန်ကြာကြာ သစ်လွင်နေစေဖို့ဆိုရင် ခေါက်သိမ်းတာထက် ချိတ်နဲ့ ချိတ်ဆွဲ သိမ်းဆည်းထားတာက ပိုပြီး သင့်လျှော်ပါတယ်။

Featured Photo : Real Men Real Style