အဝတ်အစား ဟာ လူတစ်ယောက်ရဲ့ အသွင်အပြင်ကိုများစွာ ပြောင်းလဲစေရုံမက စိတ်ခံစားမှုကိုလည်း ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ ဈေးကြီးပေးဝယ်ရတဲ့ ဖက်ရှင် တွေ ဝတ်ဆင်မှ စတိုင်ကျတာ မဟုတ်ပါဘူး။ ကိုယ်ရဲ့ အသွင်အပြင်နဲ့ လိုက်ဖက်အောင် ဝတ်ဆင်တက်ရင်ပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ကြည့်ကောင်းတဲ့ အမျိုးသားတစ်ယောက် ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အဝတ်အစား ဝတ်တဲ့အခါ ယုံကြည်မှု ရှိနေစေဖို့ လိုက်နာရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ကိုယ့်ရဲ့စတိုင်ကို သိပါ

Photo : Vogue

ယုံကြည်မှုအပြည့်နဲ့ ဝတ်စားတတ်ဖို့ သင်ယူရာမှာ အရေးကြီးဆုံးအဆင့်က ကိုယ့်စတိုင်ကို သိဖို့ပါပဲ။ ကိုယ်က ဘယ်လိုဖက်ရှင်တွေနဲ့ ပိုပြီး လိုက်ဖက်မှုရှိလဲဆိုတာ ဆန်းစစ်ပါ။ ကိုယ်နဲ့ အံဝင်ဂွင်ကျဖြစ်ပြီး ကိုယ့်ရဲ့ပုံပန်းသွင်ပြင်နဲ့ ကိုက်ညီတဲ့ ဖက်ရှင်တွေကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။ အဓိက ကွီးတို့အတွက် လွတ်လွတ်လပ်လပ် ၊ သက်တောင့်သက်သာနဲ့ ကြည့်ကောင်းတဲ့ ဖက်ရှင်ဖြစ်ရပါမယ်။

(၂) ခန္ဓာကိုယ် အချိုးအစားကို ထည့်စဉ်းစားပါ

Photo : Man of Many

လူတစ်ယောက်မှာ ပိန်တာ ၊ ဝတာ ၊ ပုတာ ၊ ရှည်တာတွေက ပြဿနာ မဟုတ်ပါဘူး။ အဓိက အဝတ်အစား ဝတ်တဲ့အခါ ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ အံ့ဝင်ဂွင်ကျ ၊ အချိုးအစားကျကျ ဖြစ်ဖို့ အရေးကြီးတာပါ။ ပိန်တဲ့သူကလည်း ပိန်တဲ့အလျောက် ၊ ခန္ဓာကိုယ်ပြည့်တဲ့ သူကလည်း ပြည့်တဲ့အလျောက် ကိုယ့်ဘော်ဒီအချိုးအစားနဲ့ ကိုက်ညီတဲ့ ဆိုဒ် ၊ ဒီဇိုင်းနဲ့ စတိုင်တွေကို ရွေးချယ်ဝတ်ဆင်တက်ဖို့ပဲ လိုပါတယ်။

(၃) အရောင်သေချာရွေးပါ

Photo : Tiffsandmichs

ဖက်ရှင်လို့ ပြောရာမှာ စတိုင်နဲ့ ဒီဇိုင်းအပြင် အရောင်ရဲ့ အရေးပါမှုကိုလည်း မေ့မထားသင့်ပါဘူး။ ကိုယ့်ရဲ့ အသားအရောင် ၊ ခန္ဓာကိုယ်ပုံစံနဲ့ အညီ အရောင်ကိုလည်း ရွေးချယ်ဝတ်ဆင်တက်ဖို့ လိုပါတယ်။ အဝတ်အစား အရောင်ရွေးချယ်မှု မှန်ကန်ခြင်းကလည်း ကွီးတို့ကို ယုံကြည်မှု တိုးစေမယ့် နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

(၄) သွားမယ့်နေရာဒေသနဲ့ အညီ လိုက်ဖက်အောင်ဝတ်ပါ

Photo : DMARGE

ဖက်ရှင်ဆိုတာ နေရာဒေသပေါ်မူတည်ပြီး ပြောင်းလဲဝတ်ဆင်ရတာပါ။ ကိုယ်က ရုံးသွားမှာလား ၊ ကောင်မလေးနဲ့ ဒိတ်လုပ်မှာလား ၊ ဘော်ဒါတွေနဲ့ Night Out ထွက်မှာလား ၊ ပွဲတက်မှာလား ၊ ပါတီတက်မှာလား စသည်ဖြင့် သွားမယ့်နေရာ ၊ အချိန်အခါအပေါ် မူတည်ပြီး ကိုက်ညီမှုရှိအောင် ပြောင်းလဲဝတ်ဆင်တက်ခြင်းဖြင့်လည်း ကွီးတို့ကို ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးစေမှာ ဖြစ်ပါတယ်။

Featured Photo : DMARGE