အဝတ်အစား တစ်ထည်တည်းကို ပထမတစ်ရက် ဝတ်ဆင်ပြီးနောက် မလျှော်ရသေးဘဲ နောက်တစ်ရက် ထပ်မံဝတ်ဆင်တာမျိုးကို ပြုလုပ်လေ့ရှိပါသလား။ မဝတ်ဆင်ခင်မှာတော့ အင်္ကျီကို နှာခေါင်းနဲ့ နမ်းရှုံ့ကာ အနံ့ထွက် မထွက် အနံ့ခံကြည့်နေပါလိမ့်မယ်။ တကယ်တမ်းမှာတော့ အင်္ကျီက ဘာအနံ့မှ မထွက်ပေမယ့် သူ့မှာ ဘက်တီးရီးယားနှင့် ချွေးများ ကပ်ငြိနေနိုင်ပါတယ်။ အဝတ်အစား တစ်ထည်တည်းကို နှစ်ရက်ဆက်တိုက် မဝတ်ဆင်သင့်တဲ့ အကြောင်း အရင်းတွေက ဒီ့ထက်ပိုများပါတယ်။ ထိုအကြောင်းအရင်းများကတော့ …
ခန္ဓာကိုယ်ပေါ်မှာ ဝက်ခြံပေါက်စေနိုင်လို့

Photo: Healthwebmagazine
နေ့တိုင်း အဝတ်လျှော်ရတာကလည်း စိတ်ညစ်စရာပါပဲ။ ဒါပေမဲ့ သင့်ရဲ့ ရင်ဘတ်မှာပဲဖြစ်ဖြစ်၊ ကျောပြင်မှာပဲဖြစ်ဖြစ် ဝက်ခြံတွေ ပေါက်နေတယ်ဆိုရင်တော့ မိမိရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် အဝတ်အစားများ မှန်မှန်လျှော်ဖွတ်ခြင်းတို့ကို လိုက်နာဖို့ လိုအပ်ပါတယ်။ မလျှော်ရသေးတဲ့ အဝတ်အစားတွေပေါ်မှာ ချွေးနှင့် ဘက်တီးရီးယားများ ခိုကပ်နေပြီး ထိုအဝတ်အစားကို နောက်တစ်ကြိမ် ထပ်မံ ဝတ်ဆင်တဲ့အခါ ဘက်တီးရီးယားနှင့် ခန္ဓာကိုယ်က ချွေးများ ပေါင်းစပ်မိသွားပြီး ခန္ဓာကိုယ်မှာ ဝက်ခြံအဖုအပိန့်များ ပေါက်စေနိုင်ပါတယ်။ တခါတရံမှာ ထိုအဖုအပိန့်နှင့် ဝက်ခြံများသည် ကျောပြင်မှာတင်မကပါဘူး ပေါင်နှင့် တင်ပါးတို့မှာတောင် ပေါက်တတ်ပါတယ်။
ခန္ဓာကိုယ် အနံ့ဆိုးများကို ဆိုးရွားစေနိုင်လို့

ဘက်တီးရီးယားများသည် ခန္ဓာကိုယ်ပေါ်ရှိ ချွေးများကို အလွန်ကြိုက်နှစ်သက်ကြပါတယ်။ တကယ်လို့ သင့်ရဲ့ အဝတ်ကို မလျှော်ရသေးဘဲ ထပ်တလဲလဲ ဝတ်ဆင်မယ်ဆိုရင်တော့ သင့်ရဲ့ ချိုင်းချွေးနံ့နှင့် ခန္ဓာကိုယ်အနံ့ဆိုးက ဒီ့ထက်ပိုမို ဆိုးရွားလာတော့မှာပဲ ဖြစ်ပါတယ်။
အခြားသူများဆီသို့ မိမိရဲ့ ဘက်တီးရီးယားပိုးမွှားများ ဖြန့်ဝေပေးနေသလိုဖြစ်လို့

လူအများနှင့် ထိတွေ့ဆက်ဆံရတဲ့အခါ (သို့) ဘတ်စ်ကားများ တိုးကြိတ်စီးနေရတဲ့အခါ သင့်ရဲ့ ချွေးနှင့် အခြားသူရဲ့ ချွေးများသည် ထိစပ်သွားမှာပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ သင့်ထံမှ ဘက်တီးရီးယားများကို အခြားသူများထံသို့ ဝေမျှပေးနေတာနဲ့ အတူတူပါပဲ။ တကယ်လို့ သင့်ထံမှ အရေပြား ပြဿနာရှိတယ်ဆိုရင်တော့ အခြားသူများအတွက် မကောင်းတဲ့ တကိုယ်ကောင်းဆန်သော အပြုအမူတစ်ခုပဲ ဖြစ်ပါတယ်။
အနီရောင် အင်ပျဥ်များ ထစေနိုင်လို့

Photo: Scripps
တကယ်လို့ သင့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အနီရောင် အင်ပျဥ်များ ထနေတာကို သတိထားမိပါက သင့်ရဲ့ အဝတ်အစားများ၊ အိပ်ရာအခင်းများကို ပြန်လည်ဆန်းစစ်သင့်ပါတယ်။ မသန့်ရှင်းတဲ့ အဝတ်အစားများ၊ ဖုန်မှုန့်နှင့် ပိုးမွှားများ ထူထပ်နေတဲ့ အိပ်ရာခင်းတွေပေါ်မှာ အချိန်အကြာကြီး အိပ်စက်မိတဲ့အခါ ယားယံအင်ပျဥ်များ ထတတ်ပါတယ်။ ထိုအချက်ကို သေချာသတိထားရမှာပဲ ဖြစ်ပါတယ်။ အိပ်ရာခင်းများကို တစ်ခါမှ မခါဖြစ်ဘူးဆိုရင် မိမိအိပ်ရာခင်းကို နေ့တိုင်း ဖုန်ခါတဲ့ အလေ့အကျင့်ကောင်းကို မွေးမြူပါ။ အဝတ်အထည်များကို နှစ်ရက်ဆက်တိုက် မဝတ်ဆင်ဘဲ တစ်ခါဝတ်ဆင်ပြီးတာနဲ့ လျှော်ပစ်ရမှာပဲ ဖြစ်ပါတယ်။
ဒီအချက်များကတော့ သင့်ရဲ့ အဝတ်အစား များကို နှစ်ရက်ဆက်တိုက် မဝတ်ဆင်သင့်တဲ့ အကြောင်း အရင်းများပဲ ဖြစ်ပါတယ်။
Source: Brightside
Featured Image: Freepik
