အသည်း ဟာ ခန္ဓာကိုယ် ဝမ်းခေါင်းရဲ့ ညာဘက် အပေါ်ပိုင်းမှာ တည်ရှိပါတယ်။ ရင်ဝမ်းခြား ကြွက်သားရဲ့ အောက်၊ အစာအိမ် ၊ ညာဘက်ကျောက်ကပ်နဲ့ အူတွေရဲ့  ထိပ်မှာ ရှိပါတယ်။ အသည်းရဲ့ အဓိကတာဝန်က သွေးတွင်း ဓါတုပစ္စည်းတွေရဲ့ အနေအထားကို ပုံမှန်ဖြစ်အောင် လုပ်ပေးတာနဲ့ အညစ်အကြးနဲ့ အဆိပ်အတောက်တွေကို သွေးမှတဆင့် ဖယ်ရှားပေးပါတယ်။ ဒီအတွက် အသည်းမှာ လုပ်ငန်းစဉ်ပေါင်း (၅၀၀) ကျော်ကို လုပ်ပေးနေရတဲ့အတွက် အသည်းဟာ အရေးကြီးတဲ့ ကိုယ်တွင်းအစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါ‌ကြောင့် အသည်း ကျန်းမာရေး အတွက်  သိထားသင့်တဲ့ နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ အသည်းလုပ်ဆောင်ချက် စစ်ဆေးခြင်းကို  ပုံမှန်လုပ်ဆောင်ပါ၊ နှစ်စဉ် ကျန်းမာရေးစစ်ဆေးပါ

အသည်း ကျန်းမာရေး

Photo : Integris Health

ကွီးအနေနဲ့ နှစ်စဉ်ကျန်းမာရေးစစ်ဆေးမယ်ဆိုရင် အသည်းလုပ်ဆောင်ချက်တွေ ပုံမှန် ရှိမရှိ စစ်ဆေးပါ။ အထူးသဖြင့် အသည်းရောဂါရှိနေသည့် မိသားစုရာဇဝင်ရှိနေရင် ကွီးတို့အနေနဲ့ ပုံမှန် ရောဂါရှာဖွေမှုများအတွက် ဦးစားပေးလုပ်ဆောင်ရမည့်အရာတစ်ခု ဖြစ်သင့်ပါတယ်။ အသည်းရောဂါများ လက္ခဏာများဟာ နောက်ကျမှ တွေ့တဲ့အတွက် ကုသမှုကို ခက်ခဲစေပါတယ်။ အသည်းရဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်ခြင်းဖြင့် ကွီးအနေနဲ့ အသည်းရောဂါကို စောစီးစွာ သိရှိနိုင်ပြီး ကုသနိုင်ပြီး အသည်း ကျန်းမာရေး အတွက် ပိုမိုကောင်းမွန်သောရလဒ်များကို ပံ့ပိုးပေးနိုင်ပါတယ်။

၂။ အဆီများသော အစားအစာများကို ရှောင်ပါ

အသည်း ကျန်းမာရေး

Photo : Nutritionist Resource

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေ၊  အဆီများတဲ့ အစားအစာတွေဟာ အသည်းရောဂါကို ဖြစ်စေနိုင်တယ်။ ဆိုလိုတာကတော့ အသည်းမှာ အဆီတွေ ဖုံးနေပါလိမ့်မယ်။ ဒါက ကိုယ်တွင်းအင်္ဂါများကို ပျက်စီးစေပြီး အမာရွတ်များကို ဖန်တီးကာ ရောင်ရမ်းမှုကို ဖြစ်စေပါတယ်။ နောက်ဆုံးမှာ အသည်းချို့ယွင်းမှုကို ဖြစ်စေပါတယ်။ အကြော်များ သို့မဟုတ် အဆီများသော အစားအစာများ၊ ဒိန်ခဲနှင့် ထောပတ်ကဲ့သို့ တိရစ္ဆာန်အဆီကနေ ပြုပြင်ထားသော အစားအစာများကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ အသည်း ကျန်းမာရေးကောင်းစေတဲ့ အမျှင်ဓာတ်ကြွယ်ဝသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ၊  Omega-3 ကြွယ်ဝသော အစားအစာများဖြစ်တဲ့  ဆော်လမွန်၊ တူနာနှင့် ဆာဒင်းငါးများနဲ့ အစေ့အဆန် တွေကို ပိုစားသင့်ပါတယ်။

၃။ ရေမကြာခဏသောက်ပါ

အသည်း ကျန်းမာရေး

Photo : Gay Guide Malta

အသည်းအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသလို ရေဓာတ်လည်း အရေးကြီးပါတယ်။ တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်လောက်သောက်ပေးမယ်ဆိုရင် အသည်းကို သန့်စင်ပေးနိုင်ပါတယ်။ တစ်ဖက်က ရေဓာတ်ခမ်းခြောက်တာက သွေးတွေ ပိုပျစ်လာစေပါတယ်။ သွေးတွေ ပျစ်လာတဲ့အခါ အသည်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ပိုခက်ခဲနိုင်ပါတယ်။ ထို့ကြောင့် ရေသောက်ခြင်းဟာ အသည်းကို စောင့်ရှောက်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာ သိသင့်ပါတယ်။

၄။ ကောင်းမွန်စွာအိပ်စက်ပါ

အသည်း ကျန်းမာရေး

Photo : Sleep Apnea Center Los Angeles

ကွီးတို့ အသည်း ကျန်းမာရေး အတွက် ကောင်းမွန်စွာအိပ်စက် ခြင်းကလည်း အရေးပါပါတယ်။ ကြွက်များနဲ့ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်ခြင်းဟာ အသည်းပြဿနာများ ဖြစ်ပွားနိုင်ခြေ ပိုများကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ပါတယ်။ အိပ်ရေးပျက်တဲ့အခါ အသည်းရဲ့ ဂလူးကို့စ်နဲ့ အင်ဆူလင် လုပ်ငန်းစဉ်တွေကို ထိခိုက်ပါတယ်။ ဒါက အသည်း အဆီဖုံးရောဂါ နှင့် နံပါတ် ၂ အမျိုးအစား  ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ ကွီးရဲ့ အသည်းကို ဂရုစိုက်ခြင်းမှာ လုံလောက်သော အိပ်စက်ခြင်းလည်း  ပါဝင်ပါတယ်။ အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေတဲ့ အရာတွေကို အမြန်ဆုံးဖယ်ရှားလိုက်ပါ။

၅။ ရက်သောက်ခြင်း ကိုလည်း ရှောင်ကြည်ပါ၊ အသည်းကို အန္တရာယ်ဖြစ်စေသော အဆိပ်အတောက်များကိုလည်း ရှောင်ကြဉ်ပါ

Liver

Photo : ValuePenguin

အရက်သောက်ခြင်းကြောင့် အသည်းရောဂါများနဲ့ အသည်းကင်ဆာ ဖြစ်ပွားတတ်တာ ကွီးတို့ သိပြီးသားဖြစ်မှာပါ။ ဒါကြောင့် အရက်သောက်ခြင်းကိုရှောင်ပါ။ ထို့အပြင် အချို့သော ဓာတုပစ္စည်းများကို အဆက်မပြတ်နှင့် ကြာရှည်စွာ ထိတွေ့ခြင်းဟာ အသည်းပြဿနာများ ဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေပါတယ်။ ကွီးရဲ့ အလုပ်ခွင်မှာ အသည်းကို အန္တရာယ်ဖြစ်စေသော ဓာတုပစ္စည်းများ ( ဥပမာ- ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးထုတ်လုပ်သော လုပ်ငန်း) လုံလောက်သော အကာအကွယ်တွေနဲ့ ကိုင်တွယ်သင့်ပါတယ်။ အချို့ဆေးဝါးများဟာ လိုအပ်တာထက် ပိုသောက်ရင် အသည်းအတွက် အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ကျွမ်းကျင်သူများရဲ့ ညွှန်ကြားချက်ကို လိုက်နာပါ။

၆။ ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

liver

Photo : Eat This, Not That

အဝလွန်ခြင်းသည် အသည်းရောဂါနှင့် နီးကပ်စွာ ဆက်စပ်နေပါတယ်။ အသည်းဆဲလ်များတွင် အဆီများစုပုံလာသောအခါ  Steatohepatitis ဟုခေါ်တဲ့ အသည်းတစ်ရှူးများကို ရောင်ရမ်းခြင်းနှင့် ပျက်စီးစေတဲ့ရောဂါ ရနိုင်ပါတယ်။ လေ့ကျင့်ခန်းနဲ့ မျှတတဲ့ အစားအသောက်တွေ စားသုံးခြင်းအားဖြင့် ကွီးရဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားပါ။ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) ဟာ ပုံမှန်ဘောင်အတွင်းမှာ ရှိ၊ မရှိ စောင့်ကြည့်စစ်ဆေးပါ။

၇။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ

Liver

Photo :  Geelong Medical

ကျန်းမာသော ခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်းထားခြင်းနဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် အသည်း ကျန်းမာရေး ထိန်းသိမ်းဖို့  အဓိကအချက်တစ်ချက်ဖြစ်ပါတယ်။ လက်တွေ့ကျပြီး ကွီးတို့ ရေရှည်လုပ်နိုင်တဲ့ လေ့ကျင့်ခန်းကို ရွေးချယ်ပါ။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက် ခပ်သွက်သွက် လမ်းလျှောက်တာ၊ ပြေးတာ၊ ကြိုးခုန်တာ တွေက ရုပ်ပိုင်းရော စိတ်ပိုင်းကိုပါ ကြံ့ခိုင်စေပါတယ်။ ရိုးရှင်းသောလေ့ကျင့်ခန်းဖြင့် ပုံမှန် အလုပ်လုပ်ခြင်းနဲ့ မျှတသော အစားအသောက်များက  အသည်းကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။

ကွီးတို့ရေ အသည်း ကျန်းမာရေး အတွက် သိထားသင့်တဲ့ နည်းလမ်းကောင်းတွေကို လိုက်နာကျင့် သုံးခြင်းဖြင့် ကျန်းမာသက်ရှည်အောင် ပြုမူနေထိုင်နိုင်စေဖို့ အထောက်အကူပြုပါလိမ့်မယ်။

Source : The Hospital at Maayo

Featured Photo : Dailymail