ခန္ဓာကိုယ် ယန္တရားတွေကို ကောင်းစွာလည်ပတ်နိုင်တဲ့ အရေးကြီးတဲ့ ကိုယ်တွင်းအစိတ်အပိုင်းတစ်ခုက အသည်း ပါပဲ။ အသည်း ကောင်းမှ ပွဲတောင်းနိုင်မယ်ဆိုသလို ကျွန်တော်တို့ရဲ့ နေ့စဉ် ဘဝကို ကောင်းစွာဖြတ်သန်းနိုင်ဖို့ ကျွန်တော်တို့ရဲ့ အသည်းဟာ ကျန်းမာနေဖို့ အရေးကြီးပါတယ်။ သတင်းကောင်း တစ်ခုကတော့ အစားအသောက် ၊ အနေအထိုင် ဆင်ခြင်လိုက်ရုံနဲ့ ကျန်းမာတဲ့ အသည်းကို ပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေး ရှိပါတယ်။ ကဲဒါဆို ကွီးတို့ရဲ့ အသည်း ကျန်းမာအောင် ဘာတွေ လုပ်ရမလဲ ၊ ဘာတွေဆောင်ရရှောင်ရမလဲ ဆိုတာ လေ့လာကြည့်ရအောင်ပါ။

(၁) Chemical ပါတဲ့ ပစ္စည်းတွေနဲ့ ဝေးဝေးနေပါ

Photo : House Grail

အသည်း ကျန်းမာဖို့ဆိုရင် ပထမဆုံး ဓာတုပစ္စည်းတွေ ပါဝင်တဲ့ ပိုးသတ်ဆေးတွေ ၊ စပရေးဘူးတွေ ၊ သန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ အခြားအိမ်သုံးပစ္စည်းတွေကို တက်နိုင်သလောက် ထိတွေ့ ကိုင်တွယ်ခြင်း မပြုဖို့ မှာချင်ပါတယ်။ ဒီလို Chemical ပါတဲ့ ပစ္စည်းတွေကို ရှုရှိုက်မိရင်ပဲ အသည်းကို ထိခိုက်ပျက်စီးစေပါတယ်။ အကယ်၍ မဖြစ်မနေ သုံးရမယ်ဆိုရင်လည်း Mask ၊ မျက်မှန်တို့ကို အကာကွယ်တွေ တပ်ဆင်ပြီးမှသုံးပါ။ လေဝင်လေထွက်ကောင်းဖို့ ပြတင်းပေါက်တွေ ဖွင့်ထားဖို့လည်း အကြံပြုချင်ပါတယ်။

(၂) လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ

Photo : Rec Xpress

ခန္ဓာကိုယ် BMI ကို မှန်ကန်တဲ့ အဆင့်မှာ ထိန်းထားခြင်းဟာ အသည်း အဆီဖုံးရောဂါလို အသည်းကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အတွက် အထိရောက်ဆုံး လုပ်ဆောင်နိုင်တဲ့ အရာတစ်ခုကတော့ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းပါပဲ။ ကိုယ်လက်လှုပ်ရှား Workout ပုံမှန်လုပ်ခြင်းဟာ အင်ဆူလင်ထုတ်လုပ်ခြင်းကို ပိုကောင်းစေပြီး သွေးတွင်းရှိ အဆီအမျိုးအစားတစ်ခုဖြစ်တဲ့ Triglycerides ကို လောင်ကျွမ်းစေကာ အသည်းကျန်းမာရေးကို ကောင်းမွန်စေဖို့ အထောက်အကူပြုပါတယ်။ ‌

(၃) အစိမ်းစားပါ

Photo : Verywell Fit

လတ်ဆတ်တဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို အစိမ်းစားတာဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်နဲ့ အမျှင်ဓာတ်တွေ အားလုံးကို ရရှိစေဖို့ ကူညီပေးပါတယ်။ ဆန် ၊ ပေါင်မုန့်နဲ့ စီရီရယ် တို့လို သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေကိုတော့ တက်နိုင်သမျှ ရှောင်ပါ။ အခွံမာသီး ၊ ငါးနဲ့ ဟင်းသီးဟင်းရွက်ဆီတွေကရတဲ့ ကောင်းတဲ့ ( Monounsaturated ၊ Polyunsaturated တို့လို) အဆီတွေကို စားသုံးပေးခြင်းကလည်း အသည်း ကျန်းမာရေးကို အကျိုးပြုပါတယ်။

(၄) ချင့်ချိန်သောက်ပါ

Photo : Martha Stewart

အရက်သောက်ခြင်းဟာ အသည်း ကို ထိခိုက်ပျက်စီးတဲ့ အဓိကအကြောင်းအရင်းတစ်ခုဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။ အဓိကအားဖြင့်တော့ အရက် အလွန်အကျွံသောက်ခြင်းဟာ အသည်းကျန်းမာရေးကို ဆိုးရွားစွာထိခိုက် ပျက်စီးစေပါတယ်။ ဆေးဖက်ဆိုင်ရာ သုတေသီတွေကတော့ အမျိုးသမီးတွေအတွက် တစ်နေ့ကို ၁ ခွက် ၊ အမျိုးသားတွေအတွက် တစ်နေ့ ၂ ခွက်ထက် ပိုမသောက်သင့်ဘူးလို့ အကြံပြုချင်ပါတယ်။ အဆိုပါ ပမဏထက်ကျော်လွန်ပြီး အလွန်အကျွံသောက်ပါက အချိန်ကြာလာတာနဲ့အမျှ အသည်းမှာအဆီတွေ တဖြည်းဖြည်းစုပုံလာပြီး အသည်းကို ထိခိုက်ပျက်စီးလာစေ နိုင်ပါတယ်။

(၅) Acetaminophen အလွန်အကျွံ မသုံးပါနဲ့

Photo : Live Science

Acetaminophen ဆိုတာကတော့ Paracetamol လို့ လူသိများတဲ့ အအေးမိ ၊ တုပ်ကွေးနဲ့ ဖျားနာခြင်းတွေကို ကုသတဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။ Acetaminophen အလွန်အကျွံ သောက်ခြင်းဟာ အသည်း ခြောက်တာ ၊ အသည်းပျက်စီးစေတာစတဲ့ အသည်းနဲ့ ဆိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတွေအနေနဲ့ တစ်နေ့ကို Acetaminophen ၄,၀၀၀ မီလီဂရမ်ထက် ပိုပြီးမသုံးသင့်ဘူးလို့ လမ်းညွှန်ထားပါတယ်။

(၆) ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေ ရှောင်ပါ

Photo : Hormones Matter

အစားအစာတွေထဲမှာတော့ အဓိကအားဖြင့် ဆီကြော်တွေ ၊ သကြားနဲ့ ဆားပါဝင်မှုများတဲ့ အစားအစာတွေ ၊ ပြည့်ဝဆီတွေ ၊ ပြုပြင်ထားတဲ့ အသားတွေနဲ့ အေးခဲစာတွေ ၊ အမြန်စားလို့ရတဲ့ အစားအစာတွေ ၊ ဆိုးဆေးနဲ့ မှိုတက် အချဉ်ဖောက်စာတွေကို တက်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေကို အများအပြား စားသုံးခြင်းဟာ အသည်း ကို ထိခိုက်ပျက်စီးစေပြီး အသည်းနဲ့ဆိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

Featured Photo : Positive Health Wellness