ဒိန်ချဉ်ဟာ ကျန်းမာရေးအတွက် အကျိုးပြုတယ်လို့ လူသိများတဲ့ နို့ထွက်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ဒိန်ချဉ်မှာ ဗီတာမင် A ၊ ဗီတာမင် B2 ၊ B12 နဲ့ ဗီတာမင် E ၊ ပရိုတင်း ၊ ကယ်လ်စီယမ် ၊ ဇင့် ၊ ပိုတက်စီယမ် ၊ ဖက်တီအက်ဆစ်နဲ့ မဂ္ဂနီစီယမ် ကဲ့သို့ အာဟာရဓာတ်များ ကြွယ်ဝစွာပါရှိပါတယ်။ ဒိန်ချဉ်မှာပါတဲ့ ပရိုဘိုင်အိုတစ်တွေဟာ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပြီး အစာချေဖျက်ရာမှာ အထောက်အကူပြုသလို ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးပါတယ်။ ဒိန်ချဉ်တွေဟာ အစားအစာတစ်ခုအဖြစ်သာမက အသားအရေကောင်းမွန်စေဖို့အတွက် သဘာဝပစ္စည်းတစ်ခု အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ အသားအရေ အတွက်ဆို အကောင်းဆုံးကတော့ အဆီပါဝင်မှု မြင့်မားတဲ့ ရိုးရိုး ဒိန်ချဉ် ကိုသာ အသုံးပြုသင့်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အသားအရေ အတွက် ဒိန်ချဉ် ကပေးတဲ့ ကောင်းကျိုးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) အသားအရေကို အစိုဓာတ်ထိန်းပေးတယ်


Photo : Times of India

ဒိန်ချဉ်ဟာ ဗီတာမင် B အရင်းအမြစ်တွေဖြစ်တဲ့ ဗီတာမင် B2 ၊ B5 နဲ့ B12 ဓာတ်များ ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေကို ရေဓာတ်ဖြည့်တင်းပေးကာ စိုပြေဝင်းမွတ်စေပြီး ခြောက်သွေ့တဲ့ အသားအရေကို အစိုဓာတ် ပြန်လည်ပြည့်ဝလာအောင် ကုသပေးနိုင်ပါတယ်။
ဒါ့အပြင် ဗီတာမင် B2 ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အဖြစ်လုပ်ဆောင်ပေးပြီး ဖရီးရယ်ဒီကယ်တွေကြောင့် အရေပြားခြောက်သွေ့မှုကို ကာကွယ်ပေးပါတယ်။ ဒိန်ချဉ်မှာ ကယ်လ်စီယမ်ဓာတ်လည်း ပါဝင်တာကြောင့် အရေပြားဆဲလ်ထုတ်လုပ်မှုကို ထောက်ပံ့ပေးပြီး ခြောက်သွေ့တဲ့ အသားအရေကို ကုသပေးနိုင်ပါတယ်။

ဒိန်ချဉ်မှာပါတဲ့ ဇင့်ဟာလည်း ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ အာနိသင်တွေ ပေးစွမ်းပြီး အသားအရေကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးပါတယ်။ နောက်ပြီး ဒိန်ချဉ်မှာပါတဲ့ လက်တစ် အက်စစ်က အသားအရေခြောက်သွေ့ခြင်းနဲ့ အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့အပြင် နူးညံ့ချောမွေ့တဲ့ အသားအရေကို ရရှိစေပါတယ်။ အသုံးပြုနည်းကတော့ ငှက်ပျောသီးမှည့်တစ်လုံးကို ကြိတ်ချေပြီး ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ သံလွင်ဆီ ၁ ဇွန်း တို့ကို ရောမွှေပါ။ ဒိန်ချဉ်နဲ့ ငှက်ပျောသီးအနှစ်ကို အရေပြားပေါ် လိမ်းပြီး မိနစ် ၂၀ -၃၀ အကြာမှာ ရေဆေးချပါ။ ဒီနည်းအတိုင်း တစ်ပတ်ကို ၂ – ၃ ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

(၂) အိုမင်းရင့်ရော်ခြင်းရဲ့ အစောပိုင်းလက္ခဏာတွေကို တားဆီးပေးတယ်

Photo : FashionBeans

အယ်ဖာ ဟိုက်ဒရောစီ အက်ဆစ်ကို အရေပြားမျက်နှာပြင်ပေါ်က ဆဲလ်သေတွေ ဖယ်ရှားရာမှာကူညီပေးတဲ့ အပျော့စား Exfoliator အဖြစ်အသုံးပြုလေ့ရှိ ကြပါတယ်။ ဒိန်ချဉ်ဟာ လက်တစ်အက်ဆစ်လို့ လူသိများတဲ့ အယ်ဖာ ဟိုက်ဒရောစီ အက်ဆစ် အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ဒိန်ချဉ်ကို အသားအရေပေါ် လိမ်းပေးတာက Oxidative Stress တွေကို ထိန်းညှိပေးနိုင်ပြီး အသားအရေ အိုမင်းရင့်ရော်ခြင်းရဲ့ အစောပိုင်းလက္ခဏာတွေကို တားဆီးပေးနိုင်ပါတယ်။

ဒါ့အပြင် ဒိန်ချဉ်မှာပါတဲ့ ကယ်လ်စီယမ်ဓာတ်က အရေပြားဆဲလ်အသစ်တွေ ပြန်လည်မွေးဖွားမှုကို အားကောင်းစေပါတယ်။ အသုံးပြုနည်းကတော့ ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ Ground Oats ၂ ဇွန်းကို ရောမွှေပါ။ ထို့နောက် ကြက်ဥ ၁ လုံးကို ရောထည့်ပြီး သမအောင် မွှေပါ။ ရလာတဲ့ ဒိန်ချဉ် Mask ကို မျက်နှာနဲ့ လည်ပင်းမှာ လိမ်းပြီး ၁၅ – ၂၀ မိနစ်ကြာထားပြီးနောက် ရေအေးနဲ့ ဆေးချပါ။ ဒီနည်းအတိုင်း တစ်ပတ်ကို ၂ ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

(၃) နေလောင်ဒဏ်ကို တားဆီးပေးတယ်


Photo : Medical Xpress

ဒိန်ချဉ်မှာပါဝင်တဲ့ ဇင့်က ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် နေလောင်ဒဏ်ကနေ တဆင့်ဖြစ်ပေါ်လာတဲ့ အသားအရေခြောက်သွေ့ခြင်း ပြဿနာကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ချွေးပေါက်တွေကို ကျဉ်းစေပြီး အရေပြားပေါ်က အမဲစက်တွေကို လျော့ပါး သက်သာစေပါတယ်။ ဒိန်ချဉ်ကို လိမ်းပေးခြင်းဟာ အရေပြားဆဲလ်တွေ ကြီးထွားမှုကို အားကောင်းစေပြီး အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းကို တားဆီးကာကွယ်ပေးပါတယ်။

အသုံးပြုနည်းကတော့ သခွားသီးကို အခွံနွှာပြီး နုတ်နုတ်ဆင်းထားပါ။ ထို့နောက် သခွားသီးကို ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရောမွှေပြီး ရလာတဲ့ အရောအနှောကို မျက်နှာနဲ့ လည်ပင်းမှာ လိမ်းကာ ၁၅ – ၂၀ မိနစ်ခန့် ထားပါ။ ပြီးရင်တော့ ကြက်သီးနွေးရေနဲ့ ဆေးချလိုက်လို့ ရပါပြီ။ ဒီနည်းအတိုင်း တစ်ပတ်ကို ၂ ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

(၄) ဝက်ခြံတွေကို ကုသပေးတယ်


Photo : Beauty Journal – Sociolla

ဒိန်ချဉ်ဟာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ သဘာဝပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်တာကြောင့် ဝက်ခြံတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒိန်ချဉ်မှာပါတဲ့ ပရိုဘိုင်အိုတစ်တွေဟာ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေရဲ့ ကြီးထွားမှုကို ထိန်းညှိပေးတဲ့အပြင် ဇင့်ရဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေက ဝက်ခြံနဲ့ ဆက်နွယ်နေတဲ့ ရောင်ရမ်းမှုနဲ့ နီမြန်းမှုကို လျှော့ချပေးပါတယ်။ ဒါကြောင့် ဒိန်ချဉ်ကို အရေပြားပေါ်မှာ လိမ်းပေးခြင်းဖြင့် ဝက်ခြံတွေကို ထိန်းညှိပေးပြီး ယားယံမှုကို သက်သာစေကာ ဖြူစင်တဲ့ အသားအရေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

အသုံးပြုနည်းကတော့ ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၊ သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၊ လက်ဖက်စိမ်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ Tea Tree Essential Oil တစ်စက် တို့ကိုရောမွှေပြီး မျက်နှာပေါ် လိမ်ကာ ၁၅ -၂၀ မိနစ်ကြာထားပြီးနောက် ရေအေးဖြင့် ဆေးချလိုက်ပါ။ ဒီနည်းအတိုင်း တစ်ပတ်ကို ၁ ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

Featured Photo : Healthline