အသားအရေ ထိန်းသိမ်းမှုနဲ့ ပတ်သတ်ပြီး ဆောင်ရန်ရှောင်ရန်အချက်တွေ များစွာရှိပါတယ်။ တစ်ခါတစ်လေမှာ အသားအရေ ထိန်းသိမ်းမှုဆိုင်ရာ အလေ့အထတွေက မှားယွင်းနေတဲ့အခါ ကိုယ့်ရဲ့ အသားအရေကို နဂိုထက်ပိုပြီး ထိခိုက်ပျက်စီးသွားစေနိုင်ပါတယ်။ အလှအပဆိုင်ရာ ထုတ်ကုန်တွေ မှားသုံးမိတာဘဲဖြစ်ဖြစ် ၊ အသားအရေ ထိန်းသိမ်းမှု လုပ်ရပ်အမှားတွေ လုပ်မိတာဘဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ အသားအရေ အပေါ် ဆိုးကျိုးသက်ရောက်စေတဲ့ အလှအပဆိုင်ရာ အလေ့အထ တွေကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ ဘယ်လို အလေ့အထ အမှားတွေ ဖြစ်မလဲဆိုတာ ဖတ်ကြည့်ရအောင်ပါ။

(၁) အချိန်အကြာကြာ ရေပူချိုးခြင်း

Photo : CNN

ရေပူချိုးတာက စိတ်ဖိစီးမှုနဲ့ ခန္ဓာကိုယ် ကြွက်သားတွေရဲ့ တင်းမာမှုတွေကို ပြေလျော့စေတဲ့ ကောင်းကျိုးတွေ ရှိတယ်လို့ လူအများသိထားကြပါတယ်။ ဒါပေမယ့် မကြာခဏ သို့မဟုတ် အချိန်ကြာကြာ ရေပူချိုးတာဟာ အသားအရေကို ပျက်စီးစေနိုင်တဲ့ အဓိကအကြောင်းအရင်း တစ်ရပ် ဖြစ်ပါတယ်။ ဘာလို့ဆို အရေပြားပေါ်က သဘာဝအဆီတွေကို ခမ်းခြောက်စေတာကြောင့် အသားအရေခြောက်သွေ့ကြမ်းတမ်းခြင်း ၊ နီမြန်းခြင်းနဲ့ ယားယံခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

တကယ်လို့ ရေနွေးနဲ့ ရေချိုးမယ်ဆိုရင် အရမ်းမပူတဲ့ ကြက်သီးနွေးရေနဲ့ Moisturizing Body Washes တွေကို အသုံးပြုပြီး ချိုးသင့်ပါတယ်။ ရေချိုးပြီးချိန်မှာလည်း ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးရပါမယ်။ အိပ်ရာမဝင်ခင်မှာအသားအရေ ခြောက်သွေ့ခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို ကာကွယ်ပေးပြီး အသားအရေကို ပြန်လည်နုပျိုလာစေမယ့် ဂျိုဂျိုဘာဆီ ၊ နေကြာဆီတို့ လိမ်းပေးနိုင်ရင် ပိုကောင်းပါတယ်။

(၂) ဝက်ခြံညှစ်ခြင်း


Photo : Essential Aesthetics

မျက်နှာပေါ်မှာ ဝက်ခြံပေါက်ပြီဆိုရင် လက်နဲ့ထိမိဆွမိတာမျိုး အများစု လုပ်မိတက်ကြပါတယ်။ ဝက်ခြံတွေကို လက်နဲ့ညှစ်တာဟာ ဝက်ခြံအနာကျက်ဖို့ ကြာစေပြီး မျက်နှာပေါ်မှာ အမာရွတ်တွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဝက်ခြံကို လက်နဲ့ ကိုင်တွယ်တဲ့အခါ လက်ကတဆင့် ကပ်ပါလာတဲ့ ဘက်တီးရီးယားပိုးမွှားတွေဟာ အရေပြားရောင်ရမ်းမှုနဲ့ ချွေးပေါက်တွေကို ပိုကျယ်စေတာကြောင့် ဝက်ခြံ ပြဿနာကို ပိုပြီးဆိုးရွား သွားစေနိုင်ပါတယ်။

(၃) နေလောင်ကာခရင်မ် မလိမ်းခြင်း / အသားအရေနဲ့မကိုက်ညီတဲ့ နေလောင်ကာခရင်မ် အသုံးပြုမိခြင်း


Photo : Revista Semana

ခရမ်းလွန်ရောင်ခြည်ဒဏ်ဟာ အသားအရေ နီမြန်းရောင်ရမ်းခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း ၊ နေလောင်ခြင်း ၊ အရေပြား ကင်ဆာနဲ့ ဓာတ်မတည့်ခြင်းကဲ့သို့ အသားအရေကိုထိခိုက်ပျက်စီးစေတဲ့ သက်ရောက်မှုတွေ များစွာရှိပါတယ်။ ဒါကြောင့် နေလောင်ကာခရင်မ် နေ့စဉ်ပုံမှန် မလိမ်းဘူးဆိုရင် အသားအရေကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။

ဒါပေမယ့် နေရောင်ကာခရင်မ် လိမ်းတဲ့အခါ မှန်ကန်တဲ့အချိန် ၊ မှန်ကန်တဲ့ ပမာဏနဲ့ သေချာ လိမ်းပေးဖို့လည်း လိုပါတယ်။ တချို့သော အရည်အသွေးမကောင်းတဲ့ နေရောင်ကာခရင်မ်တွေဟာ ဝက်ခြံ ၊ အရေပြားရောင်ရမ်းခြင်းနဲ့ အဆီပြန်ခြင်းတွေကို ဖြစ်စေပါတယ်။ SPF ပါဝင်မှုများပြီး ကိုယ်ရဲ့ အသားအရေနဲ့ ကိုက်ညီမှုရှိတဲ့ နေလောင်ကာခရင်မ်ကို ရွေးချယ်အသုံးပြုတက်ဖို့ကလည်း အရေးကြီးပါတယ်။

(၄) Exfoliation အလွန်အကျွံပြုလုပ်ခြင်း


Photo : Real Men Real Style

မျက်နှာနဲ့ ခန္ဓာကိုယ်အတွက် Scrub သုံးတာက ကောင်းပါတယ်။ ဒါပေမယ့် မကြာခဏဆိုသလို အကြမ်းစား Scrub တွေနဲ့ ချေးချွတ်သန့်စင်တာကတော့ အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ Exfoliation အလွန်အကျွံလုပ်တာက အသားအရေ အပေါ်ယံ အလွှာကို ထိခိုက်ပျက်စီးစေပြီး အစိုဓာတ် ထိန်းသိမ်းမှု လျော့နည်းသွားစေပါတယ်။ နောက်ပြီး နေလောင်ခြင်းကို ဖြစ်စေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်မှလည်း ကာကွယ်မှုအားလျော့သွားစေတဲ့အတွက် အသားအရေ ကို ညိုမဲညစ်နွမ်းလာစေနိုင်ပါတယ်။

တကယ်လို့ အရေပြား အက်ကွဲမှုတွေဖြစ်နေပါက Scrub အသုံးပြုတာကို ရှောင်ကြဉ်ပါ။ အစိုဓာတ်ထိန်းခရင်မ်မှန်ကန်စွာ အသုံးပြုခြင်းဖြင့် အသားအရေကို ပြန်လည်စိုပြေလာအောင် ကုသဖို့ လိုအပ်ပါတယ်။ Scrub သုံးတဲ့အခါ နူးညံ့တဲ့ အစေ့အဆန်တွေနဲ့ ဖော်စပ်ထားတဲ့ အပျော့စား Scrub ကို အသုံးပြုပါ။ တစ်ပတ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ထက်ပိုပြီး အသားအရေ ချေးချွတ်သန့်စင်တာမျိုး အထူးရှောင်ကြဉ်သင့်ပါတယ်။

(၅) မျက်နှာမသစ်ဘဲ အိပ်ရာဝင်ခြင်း


Photo : Man of Many

တစ်နေ့ကို မနက်တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ် နှစ်ကြိမ်ခန့် မျက်နှာသစ်ပေးတာက အသားအရေ ထိန်းသိမ်းခြင်းဆိုင်ရာ အခြေခံအဆင့်တွေထဲက တစ်ချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ မျက်နှာအရေပြားပေါ်မှာ တစ်နေ့တာလုံး သွားလာလှုပ်ရှားရင်း အဆီတွေနဲ့ ဖုန်မှုန့်တွေ အများကြီး စုပုံနေတက်ပါတယ်။ ညအိပ်ရာမဝင်ခင်မှာ မျက်နှာကို သေချာဆေးကြောသန့်စင်ခြင်းမရှိရင် အဆီနဲ့ ဖုန်တွေကတဆင့် ဝက်ခြံနဲ့အသားအရေဆိုင်ရာ ပြဿနာတွေများစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။

ကိုယ့်ရဲ့ အသားအရေကို ကြည်လင်သန့်ရှင်းပြီး ဝက်ခြံကင်းစင်ချင်တယ်ဆိုရင်တော့ မနက်ခင်းမှာ မျက်နှာသစ်ရုံမက ညဘက် အိပ်ရာမဝင်ခင်မှာလည်း မျက်နှာကို ပုံမှန်ဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။ မျက်နှာသစ်ပြီးချိန်မှာ အသားအရေကို ရေဓာတ်ဖြည့်တင်းနိုင်ဖို့ အစိုဓာတ်ထိန်းခရမ်င် လိမ်းပေးဖို့လည်း မမေ့ပါနဲ့။ ဒါဆိုရင် မနက်ခင်းအိပ်ရာနိုးချိန်မှာ အသားအရေ ကြည်ကြည်လင်လင်နဲ့ စိုပြေဝင်းမွတ်ပြီး ကျန်းမာတဲ့ မျက်နှာအသားအရေလေးကို ပိုင်ဆိုင်နိုင်မှာဘဲ ဖြစ်ပါတယ်။

Featured Photo : Revista Semana