Oatmeal ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာအဖြစ် လူသိများပါတယ်။ အရသာရှိပြီး အာဟာရ ပြည့်ဝတဲ့အပြင် သံဓာတ် ၊ ပရိုတင်း ၊ ဗီတာမင် B1 နဲ့ အမျှင်ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ လေ့လာမှုတွေအရ Oatmeal ပုံမှန်စားသုံးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးပြီး နှလုံးရောဂါကို ကာကွယ်ပေးရုံမက အာရုံကြောစနစ်ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ ဒါ့အပြင် လူတွေသိပ်မသိသေးတဲ့အချက်တစ်ခုကတော့ Oatmeal က အသားအရေအတွက် ကောင်းကျိုးပြုတယ်ဆိုတာပါပဲ။ ၂၀၀၃ ခုနှစ်က အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး (FDA) ကနေ အသားအရေ ဆိုင်ရာ ထုတ်ကုန်တွေမှာ Oatmeal ကိုထည့် သွင်းအသုံးပြုနိုင်ကြောင်း ထောက်ခံချက်ပေးခဲ့ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လူသိနည်းတဲ့ အသားအရေ အတွက် Oatmeal ကပေးတဲ့ ကောင်းကျိုး ၅ ချက်အကြောင်း ပြောပြပေးချင်ပါတယ်။

အသားအရေအတွက် Oatmeal ရဲ့ အကျိုးကျေးဇူးများ

Oatmeal ဟာ မျက်နှာပေါ်ရှိ အဆီပိုတွေကို စုပ်ယူခြင်းဖြင့် ဝက်ခြံတွေကို ကုသရာမှာ ကူညီပေးပါတယ်။ မျက်နှာပေါ်မှာ ဖုန်နဲ့ အညစ် အကြေးတွေက ချွေးပေါက်တွေကို ပိတ်ဆို့စေကာ ဝက်ခြံတွေ ဖြစ်ပေါ်လာစေတာပါ။ Oatmeal မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း နဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိများစွာ ပါဝင်ပြီး ခြောက်သွေ့ပျက်စီးခြင်းနဲ့ နီမြန်းယားယံတဲ့ အသားအရေကို သက်သာပျောက်ကင်းစေနိုင်စွမ်း ရှိပါတယ်။ Oatmeal က Skin Types အားလုံးအတွက် အသုံးဝင်ပြီး Cleanser/ Moisturizer အနေနဲ့ လုပ်ဆောင်ပေးတာကြောင့် အသားအရေ ညစ်ညမ်းခြင်းကို လျော့ကျသက်သာစေမှာပဲ ဖြစ်ပါတယ်။

(၁) အသားအရေကို ကာကွယ်ပေးတယ်

Photo : Healthline

Oats မှာ ပရိုတင်းဓာတ်နဲ့ အဆီဓာတ်တွေ ပါဝင်တာကြောင့် အသားအရေကို သဘာဝအတိုင်း ကာကွယ်ထိန်းသိမ်းပေးပြီး ခရမ်းလွန်ရောင် ခြည်ဒဏ်မှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အဆိုပါ ဓာတ်တွေက အသားအရေ နီမြန်းယားယံခြင်းကို ဖြစ်စေတဲ့ ပြင်ပက ညစ်ညမ်းတဲ့လေထုနဲ့ အရေပြားဆိုင်ရာ ဓာတုပစ္စည်းတွေရဲ့ အန္တရာယ်မှလည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

(၂) အသားအရေကို အစိုဓာတ်ထိန်းပေးတယ်

Photo : Healthline

Oatmeal က အသားအရေကို သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးတာကြောင့် အဆီပြန်တက်တဲ့ Oily Skin သမားတွေနဲ့ ဝက်ခြံပေါက်လွယ်တဲ့ Acne-Prone Skin အသားအရေပိုင်ရှင်တွေအတွက် အထူးကောင်းမွန်ပါတယ်။ အကြောင်းကတော့ Oats မှာ အသားအရေအတွင်းပိုင်းအထိ ရေဓာတ်ဖြည့် ပေးနိုင်ပြီး အဆီပြန်ခြင်း လုံးဝမရှိပဲ အရေပြားထဲသို့ လျင်မြန်စွာ စိမ့်ဝင်နိုင်တဲ့ သဘာဝအဆီတွေ ပါဝင်တာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ အရေပြားပေါ်က ပိုလျှံနေတဲ့ အဆီပိုတွေကို စုပ်ယူနိုင်ပြီး အဆီပြန်ခြင်းကို သက်သာစေကာ ဝက်ခြံထွက်ခြင်းကို ကာကွယ်ပေးပါတယ်။

အသုံးပြုနည်း အဆင့်ဆင့်

  • Oatmeal စားပွဲတင်ဇွန်း ၄ ဇွန်းခန့်ကို ကြေညှက်သွားတဲ့အထိ ကြိတ်ချေပေးပါ
  • ကြိတ်ထားတဲ့ Oatmeal အမှုန့်ထဲကို နွားနို့အစိမ်း (Raw Milk) စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ရောထည့်ပြီး သမအောင်မွှေပေးပါ
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထပ်မံထည့်ပြီး ကောင်းစွာမွှေပေးရပါမယ်
  • မျက်နှာကို ဆေးကြောသန့်စင်ပြီး မွှေထားတဲ့ Oatmeal အနှစ်ကို မျက်နှာအရေပြားပေါ်မှာ အနှံ့လိမ်းကျံကာ ၁၅ မိနစ်ခန့်ထားပါ
  • ပြီးရင်တော့ ရေအေးနဲ့ ဆေးကြောသန့်စင်လိုက်လို့ ရပါပြီ
  • တစ်ပတ်ကို ၂ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်

(၃) ဝက်ခြံတွေကို ပျောက်ကင်းစေတယ်

Photo : Nutriplanet

Oatmeal ဟာ အလွန်အစွမ်းထက်တဲ့ သဘာဝသန့်စင်ဆေးတစ်မျိုးဖြစ်ပြီး ဝက်ခြံပေါက်နေသူများအတွက် အထူးသင့်တော်တဲ့ အလှအပဆိုင်ရာပစ္စည်းတစ်ခု ဖြစ်ပါတယ်။ Oatmeal က မျက်နှာပေါ်မှာရှိတဲ့ အဆီပိုတွေကို စုပ်ယူနိုင်ပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားတွေ ရဲ့ ကြီးထွားမှုကို ဟန့်တားပေးကာ ဘက်တီးရီးယား ဆန့်ကျင်တဲ့ ဂုဏ်သတ္တိများပါဝင်တာကြောင့် အသားအရေကို ကြည်လင်စေပြီး ဝက်ခြံကင်းစင်စေမှာ ဖြစ်ပါတယ်။ ဝက်ခြံပျောက်ကင်း သက်သာချင်သူတွေအတွက်ဆိုရင်တော့ Oatmeal ၊ ပျားရည် ၊ ဒိန်ချဉ် နဲ့ Neem Oil တို့ကို ရောစပ်ပြီး မျက်နှာအနှံ့လိမ်းကာ စက်ဝိုင်းပုံစံ မိနစ်အနည်းငယ်ကြာ ညင်သာစွာ နှိပ်နယ်ပေးခြင်းဖြင့် ပေါင်းတင်ပေးနိုင်ပါတယ်။

(၄) အသားအရေကို ပြုပြင်ပေးတယ်

Photo : Annapurna Grocery

Oatmeal မှာ အသားအရေ အစိုဓာတ်ထိန်းညှိပေးတဲ့ Polysaccharides နဲ့ Lipids ဓာတ်များကြွယ်ဝစွာပါဝင်တာကြောင့် အရေပြားခြောက် သွေ့ခြင်းနဲ့ နီမြန်းခြင်းတွေကို ကာကွယ်တားဆီးပေးတဲ့အပြင် ပျက်စီးနေတဲ့ အသားအရေကိုလည်း သဘာဝအတိုင်း ပြန်လည်ပြုပြင်ရာမှာ ကူညီပေးပါတယ်။ ဗီတာမင် E ၊ Antioxidant တွေလည်း အမြောက်အများပါဝင်တာကြောင့် အမဲစက်နဲ့ အမာရွတ်တွေကို လျော့ပါးသက်သာစေပါတယ်။

(၅) အသားအရေကို နက်ရှိုင်းစွာ သန့်စင်ပေးတယ်

Photo : White’s Oats

အထူးသဖြင့် White Oats တွေက အရေပြားအတွင်းပိုင်းရှိ အညစ်အကြေးတွေ ၊ ပိုလျှံနေတဲ့ အဆီတွေနဲ့ ဆဲလ်သေတွေကို ညင်သာစွာ ဖယ်ရှားပေးကာ အသားအရေကို နူးညံ့ချောမွေ့စေဖို့ ကူညီပေးပါတယ်။ Oats ရဲ့ သေးငယ်ပြီး နူးညံ့တဲ့ အမှုန်လေးတွေက ချွေးပေါက်အတွင်းမှာရှိတဲ့ အညစ်အကြေးတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးကာ အသားအရေကို ညီညာတောက်ပစေမှာ ဖြစ်ပါတယ်။ Oats ကို ပျားရည် ၊ ဒိန်ချဉ်တို့နဲ့ ရောစပ်ပြီး ၁၅ မိနစ်ခန့် မျက်နှာပေါ် လိမ်းထားရုံနဲ့ အညစ်အကြေးနဲ့ ဆဲလ်သေတွေ ကင်းစင်သွားစေမှာ ဖြစ်ပါတယ်။

Featured Photo : Lush