လက်ရှိ ဘောလုံးလောကရဲ့ GOAT ကြီး (၂)ဦးဖြစ်သူ လီယွန်နယ် မက်ဆီ နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ဟာ တကယ်တော့ ဒီနှစ်ဦး ကစားသမားဘဝရဲ့ နေဝင်ချိန်တွေဆီ ရောက်ရှိနေကြပြီ ဖြစ်ပေမယ့်လည်း လက်ရှိအချိန်ထိ သူတို့ ပါဝင်နေတဲ့ ကလပ်အသင်းတွေမှာ စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက် ပြသနေလျက် ရှိနေပါတယ်။

Leo Messi

Photo Credit: Fabrizio Romano

ပထမဆုံးတော့ မက်ဆီအကြောင်းကို အရင်ဆုံး ပြောချင်ပါတယ်။ အင်တာ မိုင်ယာမီရဲ့ တိုက်စစ်ကစားသမားကြီး မက်ဆီကတော့ အခုဆို မိုင်ယာမီနဲ့ ဒုတိယမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေရင်း ကြွက်သားဒဏ်ရာနဲ့ အနားပေးခဲ့ခံရတာတွေကြောင့် အသင်းအတွက် (၅)ပွဲ မပါဝင်နိုင်ခဲ့ရပေမယ့်လည်း မေဂျာလိဂ် (၈)ပွဲထိ ပါဝင်ထားရင်း (၁၀)ဂိုး သွင်းယူထားပါတယ်။ ဒါ့အပြင် မက်ဆီက မနေ့က နယူးယော့ခ်ရက်ဘူးနဲ့ပွဲမှာပဲ တစ်ပွဲတည်းကို ဂိုးဖန်တီးမှု (၅)ကြိမ်ထိ စွမ်းဆောင်ခဲ့ရင်း ဘောလုံးလောကအတွင်း စံချိန်သစ်တစ်ခုကိုပါ စိုက်ထူနိုင်ခဲ့ရပါတယ်။

Photo Credit: Cristiano Ronaldo

အယ်လ်နာဆာအသင်းနဲ့အတူ အရှေ့အလယ်ပိုင်းမှာ ကစားသမားဘဝကို ဖြတ်သန်းနေတဲ့ ရော်နယ်လ်ဒိုကလည်း ပြိုင်ဘက် ပရိသတ်တွေကို မလျော်ကန်တဲ့ အပြုအမှု လုပ်မိလို့ ပွဲပယ်ခံခဲ့ရပေမယ့် ဒီပွဲပယ် ပြစ်ဒဏ်ကနေ လွတ်မြောက်လာချိန် ရော်နယ်လ်ဒိုရဲ့ စွမ်းဆောင်ရည်တွေက ပိုလို့တောင် ကြောက်ခမန်းလိလိ ဖြစ်လာပါတယ်။ King Cup ဆီမီးဖိုင်နယ်မှာ သွင်းဂိုး (၂)ဂိုး ၊ အယ်လ်ဝါဒါနဲ့ ဆော်ဒီပရိုလိဂ်ပွဲမှာ ဟက်ထရစ်ထိ သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုက ဒီရာသီ ဆော်ဒီလိဂ်မှာ ဂိုးသွင်းဘုရင် ဖြစ်လာဖို့ သေချာနေလို့ ဘောလုံးလောကအတွင်း မတူညီတဲ့ အမှတ်ပေးလိဂ် (၄)ခုအတွင်း ဂိုးသွင်းဘုရင်ဆုကို သိမ်းပိုက်နိုင်တဲ့ ပထမဆုံးသော ကစားသမားပါ ဖြစ်လာရပါတော့မယ်။

cr7 vs leo

Photo Credit: The Athletic

လာမယ့် ဇွန်လမှာလည်း မက်ဆီက အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကပြိုင်ပွဲနဲ့ ရော်နယ်လ်ဒိုကတော့ ပေါ်တူဂီနဲ့အတူ ယူရိုပြိုင်ပွဲတွေကို ဆက်တ်ိုက် ဆင်နွဲသွားရတော့မှာ ဖြစ်တာကြောင့် ဒီပြိုင်ပွဲကြီးတွေမှာလည်း မက်ဆီ ရော်နယ်လ်ဒိုတို့က သူတို့ရဲ့ သက်ဆိုင်ရာ လက်ရွေးစင်အသင်းအတွက် ဘယ်လို အောင်မြင်မှုတွေ ရယူပြနိုင်ဦးမလဲဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရပါလိမ့်မယ်။