ဘရာဇီးလ်လက်ရွေးစင် နည်းပြ တီထီ ဟာ အမ်းမရိတ်စ်က အာတီတာရဲ့ နေရာမှာ နည်းပြသစ် ဖြစ်လာမယ့်သူအဖြစ် ကောလာဟလတွေထွက်ပေါ်နေချိန်မှာ အာဆင်နယ် ကို တောင်းပန်စကားပြောကြားခဲ့ပါတယ်။
Photo: Sky Sports
အာဆင်နယ်အသင်းဟာ လာမယ့် ၂၀၂၃ ခုနှစ် နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အသင်းခေါင်းဆောင်ဟောင်း နည်းပြ အာတီတာကို စာချုပ်သက်တမ်းတိုးနိုင်လိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ယခုရာသီအစတုန်းက မန်စီးတီးကို ၅-၀ နဲ့ ရှုံးနိမ့်ခဲ့သလို တန်းတက် ဘရန့်တ်ဖို့ဒ်ကိုလည်း ရှုံးနိမ့်ခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ပစ်ဖို့ တောင်းဆိုခံခဲ့ရတဲ့ အာတီတာဟာ လက်ရှိမှာတော့ အသင်းကို ထိပ်ဆုံး ၄ နေရာအတွင်း ရပ်တည်နိုင်အောင် စွမ်းဆောင်ပြနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က သတင်းတွေအရ အသက် ၆၀ အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးလ်နည်းပြ တီထီဟာ အာဆင်နယ်နည်းပြသစ်ဖြစ်လာနိုင်တယ်လို့ သိရပေမယ့် ဘရာဇီးလ်နည်းပြအဖြစ် ကာလရှည် တာဝန်ထမ်းဆောင်နေတဲ့ တီထီက သဘောတူညီမှုတောင် ရရှိခဲ့ပြီးဖြစ်တယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်သွားခဲ့တာဖြစ်ပါတယ်။ “စိတ်မကောင်းပါဘူး အာဆင်နယ်နဲ့ အာတီတာ။ အဲဒါက မဟုတ်ပါဘူး။ အဲဒီသတင်းက ကျွန်တော်တို့ဆီကနေ ထွက်လာတာမဟုတ်ပါဘူး။ အခုအချိန်က မမှန်ကန်တဲ့ သတင်းအမှားတွေ အရမ်းများနေပါတယ်။ အဲဒါက ကျွန်တော့်ကို ဝမ်းနည်းစေပြီး ဒီသတင်းကို မှန်အောင် ပြန်လည်ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
Photo: Stadium Astro
“ကျွန်တော့် မိသားစုကတော့ လွယ်လွယ်ကူကူနဲ့ အနားယူနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ ဘရာဇီးလ်အသင်းပေါ်ထားတဲ့ ဂုဏ်သိက္ခာနဲ့ ကြီးမားတဲ့ လေးစားမှုကြောင့်ပါ။ ကျွန်တော့်ခံစားချက်ကတော့ အရမ်းကို ဝမ်းနည်းနေပြီး စိတ်မကောင်းဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ လူတွေဆီကို ရောက်ရှိခဲ့တဲ့ သတင်းအချက်အလက်တွေက အလိမ်အညာတွေဖြစ်နေလို့ပါ။ ကျွန်တော့်ကို သိတဲ့သူတွေကို စိတ်အေးအေးထားဖို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ တီထီက သူ့ရဲ့ ပရော်ဖက်ရှင်နယ် လုပ်ဆောင်မှုတွေကို တန်ဖိုးထားတဲ့ စိတ်ထားရှိပြီး ဘရာဇီးလ်အသင်းနဲ့ပတ်သက်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို သိရှိနေတာကြောင့်ပါ”လို့ ပြောကြားခဲ့ပါတယ်။
Featured Photo: Metro