လက်ရှိအချိန်မှာ ကလပ်တိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်နေရသူ နာပိုလီအသင်းရဲ့ နိုင်ဂျီးရီးယား တိုက်စစ်ကစားသမား ဗစ်တာ အိုဆင်မန် ကို ခုလို ကျော်ကြားမှုမျိုး မရရှိခင် ချာတိတ်အရွယ်မှာကတည်းက အာဆင်နယ် နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက စိတ်ဝင်စားခဲ့ဖူးပြီး သူ့ကိုလည်း အာဆင်နယ်ဆီ ပြောင်းရွှေ့လာဖို့ ဆက်သွယ်ခဲ့ဖူးတယ်လို့ အိုဆင်မန်ကိုယ်တိုင် ဖွင့်ဟသွားခဲ့ပါတယ်။

victor osimhen

Photo Credit : talkSPORT

ပီအက်စ်ဂျီ ချဲလ်ဆီးနဲ့ မန်ယူနိုက်တက်တို့လို ဥရောပထိပ်သီး ကလပ်အသင်းတွေရဲ့ ရေဒါထဲမှာ ပါဝင်နေရသူ နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်ကစားသမား အိုဆင်မန်ဟာ ဒီရာသီမှာ နာပိုလီအတွက် အလွန်ကို တောက်ပနေတာဖြစ်ပြီး ပြိုင်ပွဲစုံ (၂၉)ပွဲမှာ (၂၅)ဂိုးသွင်း (၅)ဂိုးဖန်တီးထားကာ ဂိုး(၃၀)အထိပင် ပါဝင် ပတ်သတ်ထားခဲ့ပါတယ်။ အိုဆင်မန် အနေနဲ့ အခုလို အခြေအနေမျိုးကို မရောက်ရှိခင် ချာတိတ်ဘဝတုန်းကလည်း နိုင်ဂျီးရီးယား ယူ၁၇အသင်းအတွက် ပါဝင်ကစားရင်း ၂၀၁၅ ယူ၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ အရွယ်နဲ့မလောက်အောင် ခြေစွမ်းပြခဲ့လို့ သူ့ကို အဲ့ဒီအချိန်ကတည်းက ဥရောပ ကလပ်တွေက စိတ်ဝင်စားခဲ့ပါတယ်။

wenger osimhen

Photo Credit : SPORTbible

အိုဆင်မန် ဟာ အသက်(၁၈)နှစ်အရွယ်မှာ ယူ၁၇ ကမ္ဘာ့ဖလားကို ဝင်ရောက်ဆင်နွဲရင်း ပြိုင်ပွဲရဲ့ ဒုတိယ အကောင်းဆုံး ကစားသမားဆုနဲ့ (၁၀)ဂိုးသွင်းယူပြီး ဂိုးသွင်းအများဆုံး ကစားသမားဆုတို့ကို သိမ်းပိုက် ရယူနိုင်ခဲ့တာကြောင့် သူ့ကို အာဆင်နယ် အပါအဝင် ဘာစီလိုနာ အင်တာမီလန်တို့က ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စကို အိုဆင်မန်က ““ပြိုင်ပွဲ ပြီးဆုံးသွားတဲ့အချိန်မှာ ကျွန်တော်က အာဆင်ဝင်းဂါးနဲ့ စကားပြောမှုတွေ ရှိခဲ့တယ်။ သူက ကျွန်တော့်ကို အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာစေချင်တယ်လို့ ပြောခဲ့တယ်။ အဲ့ဒီတုန်းက ကျွန်တော့်မှာ ရွေးချယ်စရာတွေ အများအပြား ရှိနေခဲ့တယ်။ ဘာစီလိုနာ အင်တာမီလန် အသက်လက်တီကို ဂျုဗင်တပ်စ် စသဖြင့်ပေါ့။ အာဆင်နယ် ကလည်း ကျွန်တော့်အတွက်တော့ ကောင်းမွန်တဲ့ ရွေးချယ်ချင်စရာ ဖြစ်ခဲ့တယ်ဆိုပေမယ့် အဲ့ဒီကို သွားဖို့က အကောင်းဆုံးအချိန်တော့ ဖြစ်မနေပါဘူး”

Osimhen u17

Photo Credit : Punch Newspapaer

“ကျွန်တော် အသက်(၁၈)နှစ် ပြည့်တော့မယ့်အချိန်မှာ ပွဲထွက်ကစားသမားတစ်ဦးအဖြစ်သာ ကစားချင်မိပါတယ်။ ကျွန်တော်ရဲ့အချိန်တွေကို ကစားပွဲတွေမှာ မြှပ်နှံထားလို့ရနိုင်မယ့် ကလပ်အသင်း တစ်သင်းသင်း ကျွန်တော်ရဲ့ ရုပ်ပိုင်းဆိုင်ရာတွေ တိုးတတ်မှု ရှိလာနိုင်မယ့် အသင်းဆီကိုပဲ ကျွန်တော် ပြောင်းရွှေ့ချင်ခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ ဝုလ်ဖ်ဘတ်က ဒီလိုအချက်အလက်တွေ ရှိနေကြောင်းကို ပြသနိုင်ခဲ့ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ အိုဆင်မန်ဟာ သူရဲ့ စီနီယာ ကစားသမားဘဝကို ဝုလ်ဖ်ဘတ်အသင်းမှာ စတင်ခဲ့ပေမယ့် လောက်လောက်ငှငှ ခြေစွမ်းမပြနိုင်ပဲ လိုင်လီကို ပြောင်းရွှေ့ပြီးမှသာ သူရဲ့ ကစားသမားဘဝက ပြန်လည် တောက်ပလာခဲ့တာပဲ ဖြစ်ပါတယ်။

Featured Photo : Daily Mail