စပိန်တွေကတော့ တကယ်ကို လက်ဖျားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ မှာလည်း စပိန် လက်ရွေးစင်က ယူရိုချန်ပီယံ ဖြစ်ခဲ့တယ်။ အခု ယူ-၂၃ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ စပိန်အိုလံပစ် အသင်းကလည်း ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၄ ပဲရစ် အိုလံပစ်မှာ အိမ်ရှင် ပြင်သစ်အသင်း အခုတလော ညိုကီတို့ ပြောနေကျ စကားအတိုင်းဆို အာဖရိက ညွှန့်ပေါင်းအသင်းကို ဖိုင်နယ်မှာ ဆော်ပလော်တီးပြီး ရွှေတံဆိပ်ဆုရှင်တွေ ဖြစ်သွားခဲ့ရပါတယ်။

spain u23

Photo Credit: Seleccion Espanol Masculina de Futbol

စပိန် အိုလံပစ်အသင်းဟာ ၁၉၉၂ ဘာစီလိုနာ အိုလံပစ်မှာ ရွှေတံဆိပ် ရပြီးနောက်ပိုင်း ၂၀၀၀ခုနှစ်နဲ့ ၂၀၂၀တွေမှာလည်း ဖိုင်နယ်တွေအထိ တက်လှမ်းခဲ့ပေမယ့် ငွေတံဆိပ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အခု ပဲရစ် အိုလံပစ်မှာတော့ စပိန်အိုလံပစ်အသင်းက ယူ-၂၃ ကစားသမားတွေကိုပဲ ထည့်သွင်းထားခဲ့တာဖြစ်ပြီး အသင်းခေါင်းဆောင် အေဘယ်လ် ရုစ်ဇ် နောက်ခံလူ ဟွမ် မီရန်ဒါတို့ နှစ်ဦးတည်းသာ (၂၃)နှစ်အထက် (၂၄)နှစ် ကစားသမားတွေ ဖြစ်နေပါတယ်။ နောက်ပြီး လူငယ် ကစားသမားတွေထဲမှာလည်း ဖာမင်း လိုပက်ဇ် ၊ အိုမိုရိုဒီယန် ၊ ကူဘာဆီ ၊ ဘီအဲနာတို့လို အရည်အသွေးမြင့် ချာတိတ်လေးတွေလည်း ပါဝင်နေပါတယ်။

spain olympic team

Photo Credit: Cyprus Mail

ဒီအသင်းက အုပ်စုတွင်းမှာ ဥဇဘက်ကစ္စတန်နဲ့ ဒိုမီနီကန်တို့ကို အနိုင်ကစားပြီး အီဂျစ်ကိုတော့ အုပ်စုနောက်ဆုံးပွဲမှာ ရှုံးနိမ့်ခဲ့လို့ အုပ်စုဒုတိယနေရာနဲ့ပဲ ကွာတားဖိုင်နယ်ဆီ တက်သွားတဲ့အချိန် ကွာတားမှာ ဂျပန်ကို ဂိုးပြတ် အနိုင်ယူရင်း ဆီမီးမှာ မော်ရိုကိုနဲ့ ဆက်လက် ရင်ဆိုင်ရပါတယ်။ ပြိုင်ဘက်ကောင်း ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်တဲ့ မော်ရိုကိုကိုတော့ အနောက်က လိုက်ကစားရင်း ထပ်မံ ကျော်ဖြတ်ခဲ့ပြန်ပါတယ်။

olympic gold medalist

Photo Credit: Seleccion Espanol Masculina de Futbol

ဖိုင်နယ်မှာတော့ အိမ်ရှင် ပြင်သစ်နဲ့ တွေ့ဆုံခဲ့တဲ့ စပိန်ဟာ ပွဲအစပိုင်းမှာ ပြင်သစ်ရဲ့ ဦးဆောင်မှုကို ခံရပေမယ့် ပွဲကစားချိန် (၁၀)မိနစ်မှာပဲ (၃)ဂိုး ဆက်တိုက် ပြန်လည် သွင်းယူပြီး ဦးဆောင်လိုက်ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ပြင်သစ်ကို ချေပဂိုးတွေ ပြန်ပေးလိုက်ရလို့ အချိန်ပို ဆက်ကစားရင်း အချိန်ပိုမှာ စပိန် အိုလံပစ်ကတော့ သွင်းဂိုး (၂)ဂိုး သွင်းယူရင်း ၂၀၂၄ ပဲရစ် အိုလံပစ်ပြိုင်ပွဲ အမျိုးသား ဘောလုံးပြိုင်ပွဲရဲ့ ချန်ပီယံတွေ ဖြစ်လာပါတယ်။

Featured Photo: Seleccion Espanol Masculina de Futbol