ဆာဒီယို မာနေးက ဆောက်သမ်တန်ကနေ လီဗာပူးလ်ကို ပြောင်းရွှေ့ပြီးနောက်မှာ သူ့ကစားသမားဘဝက တစ်ဆစ်ချိုး ပြောင်းလဲလာခဲ့တယ်။ လူမှန် နေရာမှန်ကို ရောက်လာတဲ့ မာနေးက သူရဲ့ကြိုးစား အားထုတ်မှုနဲ့အတူ လီဗာပူးလ်မှာ ရနိုင်သမျှ ဆုဖလား အားလုံးကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒါပေမယ့် မာနေးက လီဗာပူးလ်ကနေ ဘိုင်ယန်ကို ပြောင်းလိုက်တာက သေချင်တဲ့ ကျား တောပြောင်းဆိုသလို ဖြစ်သွားခဲ့ရပါတယ်။
Photo Credit : Premier League
တကယ်တော့ ဘိုင်ယန်မြူးနစ်အသင်းက ဘာစီလိုနာဆီ ရောက်ရှိသွားတဲ့ သူတို့ရဲ့ ပိုလန် ဂိုးမုဆိုးကြီး ရောဘတ် လီဝန်ဒေါစကီး နေရာမှာ အစားထိုးဖို့အတွက် လီဗာပူးလ်မှာ မရေမရာ ဖြစ်လာသူ မာနေးကို ခေါ်ယူခဲ့ပါတယ်။ လီဗာပူးလ် နဲ့ ဆီနီဂေါတို့မှာ အကောင်းဆုံးတွေ လုပ်ဆောင်ပြနိုင်ခဲ့သူ မာနေးလို ကစားသမားမျိုး ဘိုင်ယန်ကို ရောက်လာချိန်မှာ ဘိုင်ယန် တိုက်စစ် အားမလျှော့သွားလောက်ဘူးလို့ ယူဆခဲ့ရပေမယ့် မာနေးရဲ့ ဘိုင်ယန် ကစားသမားဘဝ တာထွက်က မလှပခဲ့ပဲ ရုန်းကန်ခဲ့ရပါတယ်။
Photo Credit : Bayern Strike
မာနေးက ဘွန်ဒက်စ်လီဂါ ပွဲဦးထွက် ဘောလုံးရာသီမှာ (၂၅)ပွဲကစားပြီး (၇)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ မာနေးရဲ့ ကစားသမားဘဝ ဆယ်စုနှစ်တာ ကာလအတွင်း ပထမဆုံးသော လိဂ်ဂိုး (၁၀)ဂိုးအောက်အထိ ကျဆင်းခဲ့ရတာဖြစ်ပြီး ပြိုင်ပွဲစုံမှာလည်း (၁၂)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ပိုဆိုးတာက မန်စီးတီးကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့အပြီး မာနေးက သူ့အသင်းဖော် ဆာနေးနဲ့ ကွိုင်တက်ရင်း လက်သီးစားကျွေးခဲ့လို့ ပွဲလည်းအပယ်ခံရ ဒဏ်လည်းအရိုက်ခံရနဲ့ သူ့အနာဂတ်ပါ လှုပ်ခတ်လာခဲ့ရပါတယ်။
Photo Credit : Sky Sports
ဒီလို အခြေအနေတွေနဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကို ဖြတ်သန်းခဲ့ရတဲ့ မာနေးဟာ ဒီဘောလုံးရာသီကြီး အဆုံးသတ်သွားချိန်မှာ ဘွန်ဒက်စ်လီဂါက ကစားသမား အယောက် (၂၅၀) မဲပေးရွေးချယ်ခဲ့တဲ့ တစ်နှစ်တာ စိတ်ပျက်စရာ အကောင်းဆုံး ကစားသမားစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ မာနေးက မဲအများဆုံးနဲ့ ရပ်တည်သွားခဲ့ရပါတယ်။ အဝတ်လဲခန်းအတွင်း ပြသာနာတတ်မှု နဲ့ ကွင်းအတွင်း စွမ်းဆောင်ရည် ကျဆင်းမှုတွေကြောင့် မာနေးက အခုလို မဲအများဆုံး တစ်နှစ်တာ စိတ်ပျက်ဆုံးစရာ ကစားသမားအဖြစ် ရွေးချယ်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။
Featured Photo : Liverpool Echo