ပြည်ပနိုင်ငံတွေကို အလည်အပတ်ခရီး သွားရောက်တဲ့အခါမှာ ကိုယ်သွားတဲ့နိုင်ငံနဲ့ နေရာဒေသအလိုက် ဆောင်ရရှောင်ရမယ့် အချက်လေးတွေ သိထားမယ်ဆိုရင် ခရီးစဉ်တစ်လျောက်လုံး အခက်အခဲနည်းပြီး ပျော်ရွှင်စရာ ခရီးတစ်ခုဖြစ်စေမှာ သေချာပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ အိမ်နီးချင်း အာရှနိုင်ငံ တွေဆီ သွားရောက်လည်ပတ်တဲ့အခါ ကွီးတို့ မဖြစ်မနေ သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ခရီးစဉ် လမ်းကြောင်းကိုသေချာ ရွေးချယ်ပါ

Photo : OneTravel

ခရီးတစ်ခုသွားတော့မယ်ဆိုရင် ကိုယ်သွားမယ့် နိုင်ငံ / မြို့တွင်းမှာရှိတဲ့ အထင်ကရ ခရီးသွားနေရာတွေ ၊ မဖြစ်မနေသွားရောက် လည်ပတ်သင့်တဲ့ နေရာတွေကို ကြိုတင်လေ့လာပြီး အစီအစဉ် ဆွဲထားသင့်ပါတယ်။ ခရီးသွားမယ့် ရက်အကန့်အသတ် ၊ သုံးမယ့် ဘတ်ဂျတ်ပေါ်မူတည်ပြီး ခရီးစဉ်လမ်းကြောင်းကို သေချာ ရွေးချယ်တာဟာ ပိုမိုပျော်ရွှင်ရတဲ့ ခရီးစဉ်တစ်ခု ဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။

(၂) ကျင့်ဝတ်တွေကို လေ့လာပါ

Photo : Thaiger

အထူးသဖြင့် အာရှနိုင်ငံ တွေမှာ နိုင်ငံအလိုက် စောင့်ထိန်းရတဲ့ ဓလေ့ထုံထမ်းနဲ့ ဘာသာရေးဆိုင်ရာ ကျင့်ဝတ်တွေ အများကြီး ရှိပါတယ်။ ကွီးတို့ နိုင်ငံတစ်ခုကို သွားရောက်လည်ပတ်ခြင်းမပြုမီမှာ ဒီနိုင်ငံနဲ့ သက်ဆိုင်တဲ့ စောင့်ထိန်းရမယ့် ဓလေ့ထုံးတမ်းတွေ ၊ ဘာသာရေးဆိုင်ရာ ဆောင်ရန်ရှောင်ရန် ကျင့်ဝတ်တွေနဲ့ ၀တ်စားဆင်ယင်မှုပုံစံတွေကအစ ကြိုတင်လေ့လာထား သင့်ပါတယ်။

(၃) ရာသီဥတု အခြေအနေကို စစ်ဆေးပါ

Photo : Travel Blog – Tips, Stories, Destination Guide

အာရှနိုင်ငံ တွေရဲ့ ရာသီဥတုဟာ ပူနွေးစွတ်စိုပြီး တစ်ခါတစ်ရံမှာ အချိန်အခါမဟုတ် မိုးရွှာတာမျိုးတွေလည်း ရှိတက်ပါတယ်။ ရာသီဥတုအခြေအနေဟာလည်း ကွီးတို့ရဲ့ ခရီးစဉ် အဆင်ပြေချောမွေ့မှုအပေါ် များစွာ သက်ရောက်မှုရှိတာကြောင့် ခရီးသွားမယ်ဆိုရင် ကိုယ်သွားမယ့်နေရာဒေသရဲ့ ရာသီဥတုကို အခြေအနေကို အမြဲစစ်ဆေးပြီး မိုးလေဝသ သတိပေးချက်တွေကို စောင့်ကြည့်နားထောင် သင့်ပါတယ်။

(၄) သံရုံးလိပ်စာတွေ မှတ်ထားပါ

Photo : NBC News

ပြည်ပနိုင်ငံတွေကို ခရီးထွက်တဲ့အခါ ကိုယ့်နိုင်ငံရဲ့ သံရုံးလိပ်စာတွေကို လိုရမယ်ရ သိထားရင် အကောင်းဆုံးပါပဲ။ ခရီးသွားနေစဉ်အတွင်းမှာ ထင်မှတ်မထားတဲ့ အခက်အခဲ ၊ ပြဿနာတွေ ဖြစ်လာနိုင်တယ် / ဖြစ်မလာနိုင်ဘူးဆိုတာ ဘယ်သူမှ ကြိုတင်မပြောနိုင်ပါဘူး။ ဒီအတွက်ကြောင့် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကိုယ်သွားမယ့် နိုင်ငံတွင်းမှာရှိတဲ့ သံရုံးလိပ်စာတွေကို ရေးမှတ်ထားပါ။ နောက်ပြီး ခရီးသွား အာမခံဝယ်ယူသွားဖို့ကိုလည်း အကြံပြုချင်ပါတယ်။

(၅) ဈေးဆစ်ပါ

Photo : BestPrice Travel

အာရှနိုင်ငံ တော်တော်များများမှာ ဈေးဝယ်မယ်ဆိုရင် ဈေးဆစ်ဖို့ကို မကြောက်ပါနဲ့။ အထူးသဖြင့် လမ်းဘေးဆိုင်တွေနဲ့ ဒေသခံဆိုင်တွေဆိုရင် သေချာပေါက် ဈေးဆစ်ပြီးမှ ဝယ်ဖို့ အကြံပြုချင်ပါတယ်။ အိမ်ပြန်လက်ဆောင်ဝယ်တာ ဖြစ်ဖြစ် ၊ ခရီးသွားနေစဉ် သုံးဖို့ အသုံးအဆောင် ပစ္စည်းတစ်ခုခု ဝယ်တာဖြစ်ဖြစ် ဈေးကို ထက်ဝက်နီးပါးခန့် ဆစ်ပြီးမှ ဝယ်သင့်ပါတယ်။

Featured Photo : The Broke Backpacker