အိန္ဒိယနိုင်ငံဟာ အလွန်ကြီးမားပြီး မတူကွဲပြားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ပါကစ္စတန်၊ တရုတ်၊ နီပေါ၊ ဘူတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် ၊ မြန်မာနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေတဲ့အပြင် အာရေဗျပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့ ဝန်းရံနေပါတယ်။ ရုံးသုံးဘာသာစကား (၂၀)ကျော်၊ ဘာသာပေါင်းစုံ မျိုးနွယ် ဓလေ့ထုံးစံမျိုးစုံနဲ့ ကွဲပြားမှုမျိုးစုံ တည်ရှိတဲ့အတွက် အလည်သွားဖို့ ကောင်းတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံ မှာ လည်ပတ်လို့ အကောင်းဆုံးသော နေရာ အမြောက်အများ ရှိပါတယ်။
Goa Beach

Photo : Tour My India
အိန္ဒိယရဲ့ အနောက်ဘက်ကမ်းရိုးတန်းတွင် ပေါ်တူဂီကိုလိုနီဟောင်း Goa က အိန္ဒိယ ယဉ်ကျေးမှု နဲ့ ကိုလိုနီယဉ်ကျေးမှု လွှမ်းမိုးမှုများအတူ နိုင်ငံတကာခရီးသွားတွေကို ဆွဲဆောင်ထား ပါတယ်။ Goa ရဲ့ အံ့မခန်းကမ်းခြေတွေကြောင့်လည်း လူသိများပါတယ်။ Candolim Beach ကတော့ နေပူစာလှုံဖို့အတွက် ခရီးသွားတွေနဲ့ ပြည့်နေပါတယ်။ အိန္ဒိယနိုင်ငံ ရောက်ရင် လည်ပတ်ဖို့ အကောင်းဆုံး နေရာ တစ်ခုဖြစ်ပါတယ်။
Ladakh

Photo : Times of India
အိန္ဒိယနိုင်ငံ မြောက်ဘက်စွန်းရှိ ကက်ရှ်မီးယားဒေသရှိ Ladakh တောင်တန်းဒေသဟာ လည်ပတ်ဖို့ကောင်းတဲ့ နေရာ ဖြစ်ပါတယ်။ ကျယ်ဝန်းပြီး လူဦးရေသိပ်သည်းဆနည်းတဲ့အပြင် ရင်သပ် ရှုမောဖွယ်ကောင်းသော၊ သဘာဝရှုခင်းတွေကြောင့် ခရီးသွားတွေ နှစ်သက်ကြပါတယ်။ တောင်ပေါ် Leh မြို့မှာ (၁၇) ရာစုတွင် Ladakh ဘုရင်ရဲ့ နန်းတော်ဟောင်း၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု အမွေအနှစ်တွေကို လေ့လာချင်တယ်ဆိုရင် Ladakh ဟာ အလည်စွားဖို့ နေရာ ကောင်းတစ်ခု ဖြစ်ပါတယ်။
Kerala

Photo : Onmanorma
အိန္ဒိယအနောက်တောင်ပိုင်းပြည်နယ်တစ်ခု ဖြစ်ပါတယ်။ အပူပိုင်းဒေသ ဂေဟစနစ်ခရီး လေ့လာ မှုကို စိတ်ဝင်းစားမယ်ဆိုရင် ကွီးတို့သွားရောက်လည်ပတ်သင့်ပါတယ်။ အပူပိုင်းဒေသ အပင်နဲ့တိရစ္ဆာန်တွေ အဖြူရောင် သဲသောင်ပြင်တွေ ခမ်းနားတဲ့ လှေအိမ်တွေနဲ့ လည်ချင်စရာ အကောင်းဆုံးနေရာ ဖြစ်ပါတယ်။ Keralaရဲ့ အကြီးဆုံးမြို့ Kochi မှာ ဘာသာရေးအဆောက်အအုံတွေ ရှေးဟောင်း ပေါ်တူဂီနဲ့ ဒတ်ချ် ကိုလိုနီ အဆောက်အဦတွေကိုလည်း လေ့လာနိုင်ပါတယ်။
Gangtok

Photo : Collins Dictionary
အိန္ဒိယနိုင်ငံ Sikkim ပြည်နယ်မြို့တော် Gangtok ဟာ နွေရာသီ အပန်းဖြေဖို့ အကာင်းဆုံး နေရာဖြစ်ပါတယ်။ ဟိမဝန္တာတောင်တန်းရဲ့ အဆွယ် Mt. Kanchenjunga အလှတရားကိုလည်း ရှုစား နိုင်ပါတယ်။
Rajasthan

Photo : Reisroutes
အိန္ဒိယမှာ လည်ပတ်ဖို့ အကောင်းဆုံးနေရာများထဲက တစ်ခုကတော့ အိန္ဒိယအနောက်မြောက်ပိုင်း ပါကစ္စတန်နယ်စပ် Rajasthan ပြည်နယ်နှင့် Thar သဲကန္တာရ ဖြစ်ပါတယ်။ ပြည်နယ်မြို့တော် Jaipur (သို့) Pink City ဖြစ်ပါတယ်။ ခံတပ်(၃)ခု၊ ဘုရားကျောင်းတွေ၊ City Palace တို့အပါအဝင် ဗိသုကာ လက်ရာမြောက် ရှေးဟောင်းအဆောက်အဦးတွေကို လေ့လာနိုင်ပါတယ်။ Thar သဲကန္တာရရဲ့ တံခါးပေါက်ဖြစ်တဲ့ အပြာရောင်မြို့တော် Jodhpur မှာ ကြီးကျယ်ခမ်းနားတဲ့ Mehrangarh ခံတပ်ကို လေ့လာနိုင်ပါတယ်။
Agra

Photo : Wikipedia
Agra က အိန္ဒိယနိုင်ငံတစ်ဝှမ်းလုံးမှာ လာရောက်လည်ပတ်မှု အများဆုံးမြို့များထဲမှ တစ်ခု ဖြစ်ပါတယ်။ တစ်ချိန်က မဂိုလ် အင်ပါယာမြို့တော်ဖြစ်သော Agra ဟာ ယခုအခါ Taj Mahal (တပ်ချ်မဟာ) လို့လူသိများသော အထင်ကရအဆောက်အအုံတည်ရှိရာ နေရာဖြစ်ပါတယ်။ အဖြူရောင် စကျင်ကျောက်ဂူဗိမာန်ကို (၁၇) ရာစုတွင် တည်ဆောက်ခဲ့ပြီး ၎င်းကိုချစ်ခြင်းမေတ္တာရဲ့ အထိမ်းအမှတ် တစ်ခု အဖြစ်ကျယ်ပြန့်စွာမှတ်ယူထားသည်။ ဒေလီခံတပ်နီနှင့် အလွန်ဆင်တူသည့် (၁၆) ရာစုက တည်ဆောက်ထားတဲ့ Agra Fort ကိုလည်း လေ့လာနိုင်ပါတယ်။
ဒေလီ

Photo : ePHOTOzine
တကယ်လို့ ကွီးအနေနဲ့ အိန္ဒိယမြောက်ပိုင်းမှာ လည်ပတ်ဖို့ အချိန်တွေရမယ်ဆိုရင် ဒေလီမြို့ တော်ကို သေချာပေါက်နီးပါးလည်ပတ်သင့်ပါတယ်။ ကမ္ဘာ့ရှေးအကျဆုံးမြို့များထဲမှ တစ်ခုဟု သတ်မှတ် ခံထားရတဲ့ ဒေလီမှာ လေ့လာကြည့်ရှုစရာ အထင်ကရ အဆောက်အဦ တွေ အမြောက်အများရှိပါတယ်။ သဲကျောက်ဖြင့် (၁၇) ရာစုတွင် တည်ဆောက်ခဲ့တဲ့ ခံတပ်နီ သို့မဟုတ် Lal Qila ၊ ဘာသာရေးအဆောက် အဦးများ၊ ပြတိုက်များ၊ ဈေးတွေနဲ့ စူလတန်ဘုရင်တွေရဲ့ နေအိမ်တွေက လည်ပတ်ဖို့ အကောင်းဆုံးနေရာ တွေ ဖြစ်ပါတယ်။
Mysore (Mysuru)

Photo : Karnataka Tourism
အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း Karnataka ပြည်နယ်ရှိ Mysore (Mysuru)မြို့ဟာ ၁၃၉၉ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ Mysore ဘုရင့်နိုင်ငံတော် မြို့တော်ဖြစ်ခဲ့ပါတယ်။ မြို့ရဲ့ဗဟိုမှာ Wodeyar မင်းဆက်တွေ နေထိုင်ရာ ခမ်းနားထည်ဝါသော Mysore နန်းတော် ရှိပါတယ်။ နန်းတော်ဟာ ဟိန္ဒူ၊ အစ္စလာမ့်၊ Gothic နှင့် Rajput ယဉ်ကျေးမှုပုံစံများကို ရောစပ်တည်ဆောက်ထားပါတယ်။ ထွင်းထုထားသော သစ်သားတံခါးများ၊ ဆင်စွယ်များဖြင့် အလှဆင်ထားသော မျက်နှာကျက်များနှင့် နံရံများတွင် မရေမတွက်နိုင်သော ပန်းချီကားများကိုလည်း နန်တော်ထဲမှာ မြင်တွေ့နိုင်ပါတယ်။ နံ့သာမျိုး၊ ပိုးထည်နှင့် စန္ဒကူးနံ့သာများ ရောင်းချနေတဲ့ ရာစုနှစ်များစွာ သက်တမ်းရှိ Devaraja Market ကိုလည်း ဝင်ရောက်လည်ပတ်နိုင်ပါတယ်။
ကွီးတို့ရေ အိန္ဒိယနိုင်ငံဟာ ကြီးမားကျယ်ပြန့်တဲ့အပြင် ရှေးဟောင်းယဉ်ကျေးမှုစုံရာ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့နိုင်ငံ ဖြစ်လို့ လည်ပတ်လို့ အကောင်းဆုံးသော နေရာ တွေအများကြီးရှိပါကြောင်း တင်ပြလိုက်ပါတယ်။
Source : Times of India
Featured Photo : Global Grass Hopper
