လူတိုင်းမှာ အိပ်မက်ကိုယ်စီ ပိုင်ဆိုင်ထားကြပါတယ်။ ကိုယ့်ရဲ့ ရည်မှန်းချက် အိပ်မက် များကို အကောင် အထည် ဖော်ဖို့ဆိုရင် ကြိုးစားအားထုတ်မှု၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်မှု၊ စမတ်ကျကျ လုပ်ဆောင်တတ်မှု အစရှိတဲ့ အရည်အချင်းများ လိုအပ်ပါလိမ့်မယ်။ အောင်မြင်မှုကိုတော့ လိုချင်ပြီး ပျင်းရိနေမယ်၊ အားစိုက်ထုတ်မှု မရှိဘူးဆိုရင်တော့ ကိုယ့်ရဲ့ အိပ်မက် တွေကို အကောင် အထည် ဖော်နိုင်မှာ မဟုတ်ပါဘူး။

ဒါ့အပြင် အချို့လူတွေက ခဏတဖြုတ်လောက်သာ ကြိုးစားပြီး ကြိုးစားမှုက အရာမထင်ပါလားဆိုတဲ့ ခံစားချက်ကြီး ဝင်လာတဲ့အခါမှာတော့ လွယ်လွယ် လက်လျော့ အရှုံးပေးလိုက်တတ်ကြပါတယ်။

ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ အိပ်မက် တွေကို အမြန်ဆုံး အကောင် အထည် ဖော်ချင်တယ်ဆိုရင် ဘာတွေ လိုအပ်မလဲ။

တက်တက်ကြွကြွ နေထိုင်ဖို့ လိုအပ်ပါမယ်

အိပ်မက် အကောင်အထည်

ရည်မှန်းချက်တွေ အိပ်မက်တွေဆိုတာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အကောင်အထည် ဖြစ်တည်လာမယ့်အရာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့တော့ မဟုတ်သေးပါဘူး။ သင့်အနေနဲ့ ဆိုရှယ်မီဒီယာများပေါ်မှာ အချိန်ကုန်ဆုံးပြီး အောင်မြင်နေတဲ့ အခြားသူများကို မနာလိုနေမယ့်အစား ကိုယ့်ရဲ့ လက်တွေ့ဘဝထဲကို ပြန်ဝင်ပြီး ဆိုရှယ်မီဒီယာတွေ၊ အတုအယောဆန်တဲ့ လောကထဲကနေ ရုန်းထွက်လိုက်ရပါမယ်။ ကိုယ့်ဘဝကို တက်တက်ကြွကြွ နေထိုင်ပြီး အချိန်ဖြုန်းခြင်းမှ ရှောင်ကြဥ်ရပါမယ်။ နေ့သစ်တစ်ရက်တာ ကုန်ဆုံးသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်ပါ။ ဒီနေ့တစ်နေ့တာလုံးမှ ဘယ်လိုအကျိုးရှိတဲ့အရာကို လုပ်ဆောင်ခဲ့သလဲ။ Productive ဖြစ်တဲ့ နေ့တစ်နေ့ကို ပိုင်ဆိုင်ထားခဲ့သလဲဆိုတာ ပြန်လည်သုံးသပ်ကြည့်ရမှာပဲဖြစ်ပါတယ်။​

မိမိရဲ့ တိုးတက်မှုဖြစ်စဥ်ကို တိုင်းတာထားဖို့ လိုအပ်ပါမယ်

အိပ်မက် အကောင်အထည်

သင့်ရဲ့ တိုးတက်မှု ဖြစ်စဥ်များသည် သင့်ရဲ့ ကြိုးစားအားထုတ်မှု ခရီးလမ်းမှာ အားရှိလာအောင်၊ စိတ်ဓာတ် တက်ကြွလာအောင် လုပ်ဆောင်ပေးမှာပဲဖြစ်ပါတယ်။ သင့်အနေနဲ့ အကျင့်ဆိုးတွေကို ဖျောက်ဖျက်ပြီး ကောင်းမွန်တဲ့ အကျင့်တွေ မွေးမြူနေတဲ့အချိန်မှာလည်း သင့်ကို အရင်ပုံစံလို ပြန်မဖြစ်အောင် ကူညီပေးပါလိမ့်မယ်။ ဒါ့ကြောင့် ဒိုင်ယာရီ (သို့) ဂျာနယ် ရေးကာ ကိုယ့်ရဲ့ အောင်မြင်မှုကို မှတ်တမ်းတင်ထားပါ။ မိမိစိတ်ကို အလိုက်လိုက်ချင်လာပြီဆိုရင်တော့ ထိုတိုးတက်မှုများကို ပြန်ပြေးကြည့်လိုက်ပါ။

အရေးကြီးတဲ့ အရာများကိုသာ အာရုံစိုက်ပါ

အိပ်မက် အကောင်အထည်

အလုပ်လုပ်ကိုင်တဲ့အခါမှာ အရေးကြီးတဲ့အရာများ၊ အရေးမကြီးတဲ့အရာများကို သေချာခွဲထားဖို့ လိုအပ်ပါတယ်။ အရေးမကြီးတဲ့အရာများကို အရေးတယူလုပ်ကာ အချိန်ပေးနေမိမယ်ဆိုရင် အရေးကြီးတဲ့ အရာများကို လုပ်ဆောင်ဖို့နှင့် အခွင့်အရေးကောင်းများကို လက်လွတ် ဆုံးရှုံးသွားရပါလိမ့်မယ်။ အရေးကြီးတဲ့ အလုပ်နှင့် အရေးမကြီးတဲ့ အလုပ်ကိုမှ နောက်ထပ် အမျိုးအစား ထပ်ခွဲနိုင်ပါသေးတယ်။​

  • အရေးကြီးပြီး အလျင်လိုနေသာ အရာ – ဒီအလုပ်ကိုတော့ ပထမဦးစားပေးလုပ်ဆောင်ကာ ချက်ချင်းကို လုပ်ရမှာဖြစ်ပါတယ်။
  • အရေးကြီးပေမယ့် အလျင်မလိုဘဲ အေးဆေးလုပ်နိုင်သောအရာ – ဒီအလုပ်ကိုတော့ ဒုတိယ ဦးစားပေးလုပ်ဆောင်ရမှာဖြစ်ပါတယ်။ အရေးကြီးပြီး အလျင်လိုတဲ့အရာ လုပ်ဆောင်ပြီးတဲ့အခါ လုပ်ဆောင်ရမှာပါ။
  • အလျင်လိုပေမယ့် အရေးမကြီးသော အရာ – ဒီအရာကိုတော့ နံပါတ် (၃) ဦးစားပေး လုပ်ဆောင်ရမှာဖြစ်ပါတယ်။
  • အလျင်လည်း မလိုသလို အရေးလည်း မကြီးသော အရာ – ဒီအရာကိုတော့ နောက်ဆုံးမှ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ အလုပ်မှာ ဘယ်အရာတွေက အရေးကြီးသလဲ၊ ဘယ်အရာကို ဦးစားပေးကာ လုပ်ဆောင်ရမလဲဆိုတာကို ခွဲခြားသိမြင်သွားတဲ့အခါမှာတော့ စီမံခန့်ခွဲမှု အပိုင်းမှာ ကျွမ်းကျင်သွားပြီလို့ ဆိုလို့ရပါတယ်။

ကျွမ်းကျင်သူများထံမှ အကူအညီရယူပါ

အိပ်မက် အကောင်အထည်

စီမံခန့်ခွဲမှုပိုင်း မကျွမ်းကျင်ဘူးလို့ ယူဆတဲ့အခါမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းပိုင်းနဲ့ပဲဖြစ်ဖြစ် အကူအညီတစ်စုံတစ်ရာ လိုအပ်ပါက ကျွမ်းကျင်သူများထံမှ အကူအညီရယူနိုင်ပါတယ်။ သူတစ်ပါး အကူအညီ ရယူတယ်ဆိုရာမှာလည်း သူတစ်ပါးအပေါ်မှာ တစ်ချိန်လုံး မှီခိုနေရမှာမဟုတ်ပါဘူး။ သူတစ်ပါးရဲ့ လုပ်အားပေါ် ကုန်းဆင်းနေရမှာမဟုတ်ပါဘူး။ မိမိဘာသာ အရင်လေ့လာကြည့်ပါ။ လေ့လာလို့ နားမလည်တဲ့အပိုင်းကိုသာ ရှင်းပြခိုင်းပါ။ အကူအညီတောင်းပါ။

အကူအညီ ရယူပြီးနောက်မှာလည်း ကျေးဇူးသိတတ်ဖို့ လိုအပ်ပါတယ်။ တစ်လုပ်စားဖူး သူ့ကျေးဇူးဆိုတဲ့ စကားက အလဟဿ ဖြစ်တည်လာတာမဟုတ်ပါဘူး။ သူ့ ထမင်းလုပ်လေး တစ်လုပ်ကို စားဖူးရင်တောင်မှ သူ့ကျေးဇူးတွေ အများအပြားရှိပါတယ်။ သူ့ကျေးဇူးကို ကျေးစွပ်မိပါက ကိုယ့်အတွက် ဘာကောင်းကျိုးမှ ရှိလာမှာမဟုတ်ပါဘူး။ ကျေးဇူးသိတတ်သူသည် တစ်ချိန်ချိန်မှာ မိမိရဲ့ စာရိတ္တကောင်းမှုကြောင့် အကျိုးကျေးဇူးတစ်စုံတစ်ရာကို ပြန်လည်ခံစားရမှာပဲဖြစ်ပါတယ်။

အောင်မြင်လာမယ့်အရာကို စိတ်ကူးပုံဖော်ကြည့်ပါ

man visualizing

စိတ်ကူး ပုံဖော်ခြင်းသည် သင့်ရဲ့ ကြိုးစားအားထုတ်မှုကို အားကောင်းလာအောင် ကူညီပေးနိုင်ပါတယ်။ တနေ့နေ့ တချိန်ချိန်မှာ အောင်မြင်လာရမယ်ဆိုပြီး စိတ်ကူးယဥ် ကြည့်လိုက်ပါ။ ပျော်ရွှင်ကြည်နူးရတဲ့ ခံစားချက်ကို ခံစားရပါလိမ့်မယ်။

အရှုံးနှင့် ရင်ဆိုင်ရပါကလည်း ပြိုလဲကျမသွားပါနှင့်

man thinking

အောင်မြင်အောင် ကြိုးစားသူများအဖို့ အရှုံးဆိုတာကတော့ တကွေ့မဟုတ် တကွေ့ ကြုံတွေ့ရမယ့်အရာဖြစ်ပါတယ်။ အရှုံးကို ကြောက်လို့ဆိုပြီး လက်လျော့လိုက်မယ်ဆိုရင်တော့ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်မှာမဟုတ်ပါဘူး။ အရှုံးနှင့် ရင်ဆိုင်ရတဲ့အခါမှာလည်း ပြိုလဲကျမသွားဘဲ ချက်ချင်း ပြန်ရုန်းထဖို့ လိုအပ်ပါလိမ့်မယ်။

ရှုံးနိမ့်သွားလို့ဆိုပြီး အတိတ်ထဲကနေ ရုန်းမထွက်နိုင်တာမျိုး၊ ထိုအမှားထဲမှာပဲ ပိတ်မိကာ တဝဲလည်လည် ဖြစ်နေခြင်းမှလည်း ရှောင်ကြဥ်သင့်ပါတယ်။ သူ့ကြောင့် ဖြစ်ရတာ၊ ဘယ်သူ့ကြောင့် ဖြစ်ရတာဆိုပြီး သူတစ်ပါးကို အပြစ်ဖို့နေခြင်းကလည်း သူရဲဘောကြောင်သူများရဲ့ ဆင်ခြေသာဖြစ်ပါတယ်။ ဒါ့ကြောင့် အမှားတစ်ခုခု ပြုလုပ်မိပါကလည်း ထိုအမှားထံကနေ သင်ခန်းစာယူပါ။ ရှေ့ဆက်လျှောက်လှမ်းပါ။

Source: Yoh.com

Featured Image: Freepik