ပြီးခဲ့တဲ့ ယူရို-၂၀၂၀တုန်းက ဘယ်သူမှ မထင်ထားတာကို လုပ်ပြနိုင်ခဲ့ပြီး ယူရို ချန်ပီယံ ဖြစ်လာခဲ့တဲ့ အီတလီအသင်းဟာ အခု ယူရို-၂၀၂၄ ပြိုင်ပွဲမှာတော့ လွန်ခဲ့တဲ့ (၄)နှစ်ကနဲ့ ဘာမှကို မဆိုင်တော့ပဲ အီတလီ ဘောလုံးသမိုင်းတစ်လျှောက် အညံဖျင်းဆုံး အားရာစရာ မရှိဆုံး အသင်းအဖြစ်နဲ့တောင် သတ်မှတ်လို့ရနိုင်ပါတယ်။ အခုတော့လည်း အီတလီဟာ (၁၆)သင်း ရှုံးထွက်အဆင့်နဲ့ပဲ အိမ်ပြန်သွားခဲ့ရပြီ ဖြစ်ပါတယ်။

switzerland vs italy

Photo Credit: Goal

အီတလီက ဒီယူရိုမှာ စပိန် ခရိုအေးရှား အယ်လ်ဘေးနီးယားတို့ရဲ့ မရဏအုပ်စုမှာ ကျရောက်ခဲ့ရင်း အုပ်စုအဖွင့်ပွဲမှာ အယ်လ်ဘေးနီးယားကို အနိုင်ရ ဒုတိယပွဲမှာ စပိန်ကို ရှုံးနိမ့်ပြီး အုပ်စုနောက်ဆုံးပွဲမှာတော့ ခရိုအေးရှားကို သရေကျရင်း အုပ်စုဒုတိယနေရာနဲ့ ရှုံးထွက်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။ တကယ်တော့ အီတလီဆိုတာ အစဉ်အလာအရ ခံစစ်ပိုင်း စုဖွဲ့မှု မာကြောတဲ့အသင်း အားကောင်းတဲ့အသင်း ဖြစ်သလို ဒီပြိုင်ပွဲမှာလည်း ခံစစ်မှူးလေး ကာလာဖီအိုရီက ဘက်စတိုနီနဲ့ တွဲဖက်ရင်း အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းတွေမှာက ကစားသမားအင်အား သိပ်ကောင်းမနေတာကို တွေ့မြင်ရနိုင်ပါတယ်။

italy football team

Photo Credit: The New York Times

အုပ်စု(A)ရဲ့ ဒုတိယအသင်းဖြစ်တဲ့ ဆွစ်ဇာလန်နဲ့ (၁၆)သင်းအဆင့်မှာ တွေ့ဆုံချိန်မှာလည်း ဘောလုံးပရိသတ်တိုင်းက အီတလီဆိုပြီး လုံးဝ တစ်ထစ်ချ မယုံကြည်ရဲခဲ့တာကလည်း အီတလီရဲ့ အုပ်စုတွင်း ဖြတ်သန်းမှုနဲ့ ကစားပုံအနေအထားကို ပိုပြီး မြင်သာစေပါတယ်။ တကယ်တမ်း ပွဲကစားတော့လည်း အီတလီဟာ ကစားသမားရဲ့ တိုက်ပွဲဝင်ချင်စိတ်တွေ ပျောက်ဆုံးနေရသလို နည်းပြ စပယ်လက်တီရဲ့ ကစားသမား အသုံးပြုလာမှုတွေမှာလည်း လိုအပ်ချက်တွေ ရှိနေရပါတယ်။

Donnarumma

Photo Credit: B/R Football

ပြိုင်ဘက် ဆွစ်ဇာလန်ကတော့ အရှေ့ အလယ် နောက် ဘာမှပြောစရာမရှိအောင် ကောင်းမွန်ပြီး အီတလီအသင်းဘက်ကို တည်တည်ငြိမ်ငြိမ်နဲ့ ထိုးဖောက်ကစားနိုင်ခဲ့ပြီး ဖရူလာ ဗားဂတ်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့ပါတယ်။ ယူရိုမှာက နောက်ပိုင်းနှစ်တွေအတွင်း ယူရိုချန်ပီယံအသင်းတွေက (၁၆)သင်းအဆင့်နဲ့ပဲ လှည့်ပြန်ခဲ့ရတဲ့ အစဉ်အလာတွေ ရှိခဲ့တယ် ဆိုပေမယ့်လည်း အခု အီတလီရဲ့ အိမ်အပြန်ကတော့ ပေါ်တူဂီ စပိန်တို့ထက် ပိုပြီး အကျည်းတန်ပါတယ်။ အီတလီဟန်ပန်တောင် မပြသနိုင်တော့လောက်အောင် အခြေအနေဆိုးခဲ့တဲ့ ဒီအသင်းက လာမယ့် ကမ္ဘာ့ဖလားနဲ့ ယူရိုတွေအတွက် လုံးဝကို အပြောင်းအလဲတွေ များစွာ လုပ်ဆောင်သွားရတော့မှာ အသေအချာပါပဲ။

Featured Photo: Digi Sports