မန်ချက်စတာ ယူနိုက်တက် တောင်ပံကစားသမား အန်တိုနီ ကတော့ အိုးလ်ထရက်ဖို့ဒ်မှာ ရုန်းကန်နေခဲ့ရတဲ့ ကာလတစ်လျှောက်လုံး သူ့ကို သန်မာအောင် ကူညီပေးခဲ့တဲ့ အသင်းဖော်တစ်ယောက်ရှိတယ်လို့ ဖွင့်ဟပြောပြလာပါတယ်။

Antony ‌

Photo : Goal.com

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နွေရာသီမှာ ဘရာဇီးသားကို အေဂျက်စ်ကနေ ပေါင် ၈၆ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တောင်ပံကစားသမားဟာ ယူနိုက်တက်နဲ့ ပွဲဦးထွက်ရာသီမှာကတည်းက ပုံစံကောင်းရဖို့ ရုန်းကန်ခဲ့ရပြီး ဒီရာသီ ပွဲပေါင်း ၃၀ မှာလည်း သွင်း ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

အန်တိုနီ ဟာ အိုးလ်ထရက်ဖို့ဒ်ကို ရောက်ရှိခဲ့ပြီးနောက် ခက်ခဲတဲ့ ကာလတွေအတွင်းမှာ အကူညီအများကြီး ပေးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ထက်ကိုပိုတဲ့ ကစားသမားရဲ့နာမည်ကို ထုတ်ဖော်ပြောပြလာခဲ့တာ ဖြစ်ပါတယ်။

” စကားတွေ အများကြီးပြောခွင့်ရတဲ့ သူငယ်ချင်းတစ်ယောက်ရခဲ့လို့ ဘုရားသခင်ကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒီယေဂို ဒါလော့က ကျွန်တော့်အတွက် သူငယ်ချင်းထက်ကို ပိုပါတယ်။ သူက အသင်းမှာ ကျွန်တော့်ကို နေ့တိုင်းကူညီပေးတဲ့သူ တစ်ယောက်ပါ။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်။ ဘာလဲဆိုတော့ သည်းခံနိုင်စွမ်းရှိတဲ့ လူတစ်ယောက်ကို အနိုင်ယူလို့မရဘူး ဆိုတာပါ ”

” ကျွန်တော်တို့ အဲဒီစကားကို အမြဲပြောဖြစ်ကြပါတယ်။ ကျွန်တော်တို့ အတူတူ စကားပြောခဲ့ကြတဲ့ အခိုက်အတန့်တွေ ၊ သူ့ရဲ့ အကြံဉာဏ်တွေအတွက် သူ့ကိုအရမ်းပဲ ကျေးဇူးတင်မိပါတယ်။ သူက ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တဲ့သူပါ ” လို့ ပြောကြားခဲ့ပါတယ်။

Antony ‌and Diogo Dalot

Photo : Goal.com

အန်တိုနီ ဟာ ပြီးခဲ့တဲ့အပတ်က လီဗာပူးကို ၄ – ၃ နဲ့အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဂိုးပေါက်ပြန်လည်ရှာတွေ့ခဲ့တာဖြစ်ပြီး ဒီရာသီ သူ့ရဲ့ ဒုတိယမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

Featured Photo : Sky Sports