အောင်မြင်သူတို့အတွက် ကြိုးစားမှုရှိခြင်း၊ ဇွဲ၊ လုံ့လ၊ ဝီရိယတို့သည် အကောင်းဆုံး အဖော်မွန်တွေဖြစ်ပေမယ့် မာန်မာန ထောင်လွှားခြင်းကတော့ မထားသင့်တဲ့ စိတ်ထားတစ်ခုပဲဖြစ်ပါတယ်။ မပြည့်တဲ့ အိုး ဘောင်ဘင် ခတ် ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ အမှန်တကယ် အရည်အချင်းရှိသူတွေသည် မာန်မာန ထောင်လွှားခြင်းမရှိဘဲ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကာ ကိုယ့်အရည်အချင်းကို မသိမသာဘဲ ထားလေ့ရှိပါတယ်။ မာန်မာနထောင်လွှားခြင်းသည် တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေခြင်းဖြစ်ပြီး တစ်လောကလုံးမှ သူတစ်ယောက်တည်းပဲ အတော်ဆုံး၊ သူသိ သူတတ် ပုံစံမျိုး ချိုးလေ့ရှိကြပါတယ်။

မပြည့်တဲ့ အိုး ဘောင်ဘင် ခတ်ခြင်းသည် ဘဝကြီးကို တစ်နည်းတစ်ဖုံနဲ့ ထိခိုက်နေစတာ အမှန်ပါပဲ။ စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေဆိုရင် လုပ်ငန်းရှင် အချင်းချင်း၊ အလုပ်ရှင်နဲ့ အလုပ်သမားအချင်းချင်း ဆက်ဆံရေးများကို ပျက်ပြားသွားစေပြီး ဘယ်လောက်ပဲ အောင်မြင်နေပါစေ ထို အောင်မြင်မှုက ကြာရှည်ခံမှာမဟုတ်ပါဘူး။

မာန်မာန ထောင်လွှားခြင်းကို ဘဝထဲကနေ အပြီးတိုင် မောင်းထုတ်သင့်တဲ့ အကြောင်းအရင်းများ အများအပြားရှိပါတယ်။

ကိုယ့်ရဲ့ စွမ်းဆောင်ရည်နှင့် အရည်အချင်းများကို ကျဆင်းစေလို့

စွမ်းဆောင်ရည်

Photo: Employee-performance

“ငါက တော်ပြီးသားပဲ၊ ငါ့လောက် ဘယ်သူမှ မတော်ပါဘူး” ဆိုတဲ့ စိတ်ကြီး ဝင်နေသရွေ့တော့ ဘဝကြီးက အောင်မြင်ဖို့ အလားအလာမရှိပါဘူး။ ကိုယ့်အရည်အချင်း တိုးတက်လာအောင် လုပ်ဆောင်ချင်စိတ်လည်း ရှိမှာမဟုတ်ပါဘူး။ ပညာအရည်အချင်း ပြည့်ဝသူတွေက သူတို့ရဲ့ ပညာရည်ကို ဒီ့ထက်ပိုမိုပြည့်ဝလာအောင် ကြိုးစားနေချိန်မှာ မောက်မာနေသူတွေကတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးရင်းနဲ့သာ အချိန်ကုန်နေကြတာပဲဖြစ်ပါတယ်။ ကွီးတို့ရော သူတစ်ပါးအပေါ် မောက်မောက်မာမာနှင့် အထင် အမြင်သေးစွာ ဆက်ဆံမိနေပြီလား။ ဒါဆိုရင်တော့ ထိုအကျင့်ဆိုးကို မြန်မြန်ဖျောက်ဖျက်ပစ်ရမှာပဲဖြစ်ပါတယ်။

ဆက်ဆံရေးတွေ ပျက်ပြားသွားစေလို့

အိုး ဘောင်ဘင်

သူတစ်ပါးအား အထင် အမြင်သေးစွာ ပြောဆိုဆက်ဆံနေမယ်ဆိုရင်တော့ ထိုဆက်ဆံရေးသည် ရေရှည်ခံမှာမဟုတ်ပါဘူး။ တစ်ချိန်ချိန်မှာ ကွာပြဲကုန်မှာဖြစ်ပြီး နောက်ဆုံးမှာတော့ ကိုယ့်အနားမှာ တစ်ယောက်မှ ကျန်တော့မှာမဟုတ်ပါဘူး။ လုပ်ငန်းရှင်ဆိုလည်း လုပ်ငန်းရှင်အချင်းချင်း ဆက်ဆံရေးတွေ ပျက်စီးမယ်၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်းလည်း ကတောက်ကဆဖြစ်မယ်၊ အလုပ်ရှင်နဲ့ အလုပ်သမား ဆက်ဆံရေးတွေလည်း အပြိုအလဲ ပျက်စီးကုန်မှာပဲဖြစ်ပါတယ်။ လူတစ်ဦးနှင့် တစ်ဦးကြား ဆက်ဆံရေးတွေကို ရေရှည်ခိုင်မြဲစေချင်တယ်ဆိုရင်တော့ တစ်ဦးနှင့် တစ်ဦး လူသားချင်းစာနာစွာ ဆက်ဆံရမှာဖြစ်ပြီး မာန်မာနထောင်လွှားခြင်းကို ဘေးဖယ်ရမှာပဲဖြစ်ပါတယ်။

အကူအညီလိုတဲ့အခါ အနားမှာ ဘယ်သူမှမရှိဘူး

အိုး ဘောင်ဘင်

မပြည့်တဲ့ အိုး ဘောင်ဘင် ခတ်သူတွေသည် အခြားသူများကို မတူသလို မတန်သလို ဆက်ဆံတတ်တဲ့အတွက်ကြောင့် အကူအညီလိုတဲ့အခါမှာလည်း ဘယ်သူမှ ကူညီနိုင်မှာမဟုတ်ပါဘူးလေဆိုပြီး ကိုယ့်ဘက်က အောက်ကျို့ခံကာ အကူအညီတောင်းလေ့မရှိပါဘူး။ ကိုယ့်နားဘေးကလူက မကြည့်ရက်လို့ ကူညီရင်တောင်မှ ကျေးဇူးတင်စကား တစ်ခွန်းတောင် ဟဖို့ ဝန်လေးကြသူတွေဖြစ်ပါတယ်။ နောက်ပိုင်းတော့ ကူညီပေးတဲ့ သူတွေလည်း တဖြည်းဖြည်း ချဥ်လာပြီး ဝေါင်ဝေါင်ရှေးသွားကြမှာပဲဖြစ်ပါတယ်။

အချို့သူတွေက ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှု မရှိလို့ ယုံကြည်မှု ရှိချင်ယောင်ဆောင်ပြီး မာန်မာန ထောင်လွှားတတ်ကြပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းသည် ရေရှည်မှာ အဆင်ပြေမှာမဟုတ်ပါဘူး။ ကြာလာတဲ့အခါ ဘဝကြီးမှာ အထီးကျန်လာမယ်၊ စိတ်ဓာတ်ကျလာပြီး အောင်မြင်မှုနဲ့လည်း ဝေးသထက် ဝေးလာမှာပဲဖြစ်ပါတယ်။

ဘယ်လို ပြောင်းလဲရမလဲ

အိုး ဘောင်ဘင်

အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် သိဖို့ပါပဲ။ ကိုယ်သည် မာန်မာန ထောင်လွှားတတ်တဲ့သူပါလားဆိုတဲ့ စိတ်ဝင်လာပြီး ငါ့အနားမှာ ဘယ်သူမှ နေချင်မှာမဟုတ်ဘူးဆိုတဲ့ အကြောက်တရားနဲ့ ထိုမာန်မာန ထောင်လွှားတဲ့ စိတ်ကို ဖယ်ရှားရပါမယ်။ နူးညံ့ကြင်နာမှုကို ပြသပြီး ကျေးဇူးသိတတ်ရပါမယ်။ လူ လူချင်း စာနာသနားတဲ့စိတ်ရှိရပါတယ်။ ကိုယ် စိတ် နှလုံး သုံးပါစလုံးကို နှိမ့်ချစွာ ထားပြီး လောကကြီးမှာ တန်ဖိုးရှိတဲ့ လူသားတစ်ယောက်အဖြစ် ရှင်သန်နေထိုင်သွားရမှာပဲ ဖြစ်ပါတယ်။

Source: Lipsychologist

Featured Image: Veritusgroup