ယူရို-၂၀၂၄ မှာ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ တုန်းက ချန်ပီယံ ဖြစ်ခဲ့တဲ့ အီတလီအသင်းဟာ ရှုံးထွက် (၁၆)သင်းအဆင့်ထိသာ ရောက်ရှိခဲ့ရပါတယ်။ (၁၆)သင်းအဆင့်မှာ ဆွစ်ဇာလန်အသင်းကို (၂)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရင်း စောစော အိမ်ပြန်လိုက်ရတဲ့အထိ ရုပ်ပေါက်ခဲ့ရပေမယ့်လည်း မမျှော်လင့်ပဲ အီတလီနဲ့အတူ တောက်ပခဲ့တဲ့ ကစားသမားတစ်ဦးကလည်း ရှိနေခဲ့ပါသေးတယ်။ သူကတော့ ရီကာဒို ကာလာဖီအိုရီပါ။

calafiori italy

Photo Credit: Football Transfer

ဘောလုံးပရိသတ် တော်တော်များများကတော့ ပရီးမီးယားလိဂ် ချန်ပီယံလိဂ်တို့လို ပြိုင်ပွဲတွေကိုသာ အားပေး ကြည့်ရှုကြတာဖြစ်လို့ စီးရီးအေကလပ် ဘိုလော့ဂ်နာအသင်းက ခံစစ်ကစားသမားလေး ကာလာဖီအိုရီကို သတိထားကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အီတလီနဲ့အတူ ယူရို-၂၀၂၄ မှာ ပါဝင်ကစားခွင့် ရရှိခဲ့ရင်း ကာလာဖီအိုရီဟာ သူရဲ့အရည်အသွေးတွေကို ချပြနိုင်ခဲ့သလို အီတလီက ယူရိုကနေ စောစောစီးစီး ပြုတ်သွားခဲ့သည့်တိုင် သူကတော့ ဥရောပ ထိပ်သီးကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိနိုင်ခဲ့သလို အခုဆိုရင်လည်း အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခွင့်ရဖို့ သေချာသလောက် ရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

calafiori bologna

Photo Credit: Just Arsenal

အသက် (၂၂)နှစ်သာ ရှိသေးပြီး အရပ်အမောင်း (၆)ပေ (၂)လက်မလောက်အထိ မြင့်မားတဲ့အပြင် ရုပ်ရည်ကလည်း ချောမောနေသေးတဲ့ ရိုးမားအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူ ဖြစ်ပြီးတော့ ဗဟိုခံစစ်နေရာ ဘယ်ခြမ်းခံစစ်နေရာတွေအထိ လိုက်ပါကစားနိုင်သူလည်း ဖြစ်ပါတယ်။ ခံစစ်အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့အပြင် ဘိုလော့ဂ်နာကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်ပါ တွန်းတင်ပေးနိုင်ခဲ့တဲ့ ကာလာဖီအီုရီဟာ ယူရို-၂၀၂၄ ပြိုင်ပွဲက သူရဲ့ ကစားသမားဘဝအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်စေခဲ့ရသလို အာဆင်နယ်လို ပရီးမီးယားလိဂ်ထိပ်သီး ကလပ်အသင်းကြီးဆီမှာ ကစားရဖို့ကလည်း အလွန် နီးစပ်နေပါပြီ။

calafiori arsenal

Photo Credit: Arsenal Core

ကာလာဖီအိုရီ ကိုယ်တိုင်ကလည်း လက်ရှိမှာ အာဆင်နယ်မှ အာဆင်နယ် ဖြစ်လို့နေပြီး လီဗာပူးလ် ချယ်လ်ဆီး အစရှိတဲ့ အသင်းတွေကိုပါ အကုန်ငြင်းဆန်ထားခဲ့သလို ဘိုလော့ဂ်နာနဲ့ အာဆင်နယ်တို့ကြား သူရဲ့ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး သဘောတူညီမှု ရရှိမယ့် အချိန်ကိုသာ စောင့်ဆိုင်းနေရင်း အခုတော့ အာဆင်နယ်က ယူရို (၄၅)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ ရာသီကြို အမေရိကန် ခရီးစဉ် မတိုင်ခင်မှာပဲ ကာလာဖီအိုရီကို ခေါ်ယူမယ့်ကိစ္စ အပြီးသတ် လုပ်ဆောင်နိုင်မလား
ဆိုတာကိုပဲ စောင့်ကြည့်ရပါတော့မယ်။

Featured Photo: Opta Analyst