ရုပ်ရှင်ချစ်သူကွီးတို့ရေ… မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်သူများအတွက် အောက်တိုဘာ လအတွင်း အသစ်ထွက်ရှိလာမယ့် ဇာတ်ကား ကောင်းများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဘယ်ဇာတ်ကားတွေက စိတ်ဝင်စားဖို့ကောင်းသလဲ။ ဘယ်လိုမျိုး ဇာတ်လမ်းဇာတ်ကွက်မျိုးတွေနဲ့ ရုပ်ရှင်ချစ်သူတွေကို ဆွဲဆောင်နေသလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်။

Mortal Kombat Legends: Snow Blind

Animation ချစ်သူတွေ ကြိုက်နှစ်သက်မယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အက်ရှင် Animation ဇာတ်ကားလေးဖြစ်ပြီး ဟီးရိုးက လူဆိုးတွေ လက်ထဲကနေ သူ့ရဲ့ ရွာငယ်လေးကို ကယ်တင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

Source: Warner Bros. Entertainment

Grimcutty

သည်းထိတ်ရင်ဖို ဇာတ်ကားများ ကြိုက်နှစ်သက်ကြတဲ့ ကွီးတို့အတွက် Grimcutty ဇာတ်ကားလေးက အမိုက်စားခံစားချက်ကို ခံစားရမှာပဲဖြစ်ပါတယ်။

မောင်နှမ နှစ်ယောက်သည် သူတို့ကို အွန်လိုင်းကနေ ခြောက်လှန့်ကာ လိုက်လံနှောင့်ယှက်နေတဲ့ အန္တရာယ်က ဘယ်လို ကျော်ဖြတ်ကြမလဲဆိုတာကို ရိုက်ကူးပြသထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

Source: Hulu

Guardians Of Time

တကယ်လို့သင်သာ စိတ်ကူးယဥ်ပြီး ဆန်းကြယ်တဲ့ မှော်ကမ္ဘာထဲ ရောက်သွားပြီး ပြန်ထွက်လာလို့ မရတော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။

Sybil နှင့် သူမရဲ့ ညီမလေး Alex တို့သည် မိသားစု အမွေအနှစ်တစ်ခုဖြစ်တဲ့ မှော်စာအုပ်တစ်အုပ်အုပ်ကို မမျှော်လင့်ဘဲ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ထိုစာအုပ်ထဲကနေတဆင့် မှော်ကမ္ဘာထဲကို ရောက်သွားတဲ့နောက်မှာတော့ သူတို့နှစ်ယောက် ပြန်ထွက်လာနိုင်ပါ့မလား။ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို စောင့်ကြည့်သင့်တယ်နော်။

Source: Lionsgate Movies

Project Legion

လူသားများကို ဖမ်းဆီးစားသောက်နေတဲ့ အန္တရာယ်ကောင်ကြီးများသည် လူသားတွေ နေထိုင်ရာ မြို့ကြီးပြကြီးထဲမှာ ပေါ်ပေါ်ထင်ထင် နေထိုင်လာကြပါတော့တယ်။ လူသားများသည်လည်း သူတို့ရဲ့ အန္တရာယ်ကနေ လွတ်မြောက်ဖို့အတွက် ရင်ဆိုင်တိုက်ခိုက်ရာကနေ စစ်ပွဲကြီးတစ်ခု ဖြစ်လာပါတော့တယ်။ ရေတပ်စစ်သားဟောင်းတစ်ယောက်သည် သူ့ရဲ့ တိုက်ခန်းမှာ တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့လာခဲ့တဲ့အခါမှာတော့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်မလဲ။

ဇာတ်ကားအမြည်းလေးကို ကြည့်ရှုခံစားကြည့်လိုက်ရအောင်။

Source: Movie Trailers Source:

Halloween Ends

အောက်တိုဘာ လတွင် ဟောလိုးဝင်းညကို ကျင်းပကြတဲ့အားလျော်စွာ ဒီလအတွင်းမှာပဲ ဟောလိုးဝင်း ဇာတ်ကား များလည်း အများအပြား ထွက်ရှိလာခဲ့ပြန်ပါတယ်။ ထိုအထဲကမှ Halloween Ends သည်လည်း အမိုက်စား သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ သရဲကြီးများညမှာ ဘယ်လို ထိတ်လန့်စရာတွေ ကြုံတွေ့ခဲ့ရမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ခံစားကြည့်ရှုနိုင်ပါတယ်။

Source: Universal Pictures

Till

ဒီဇာတ်ကားလေးကတော့ အာဖရိကန် အမေရိကန် လူမဲတွေရဲ့ ဖိနှိပ်ခံဘဝကို ဇောင်းပေးရိုက်ကူးထားတာဖြစ်ပါတယ်။ Mobley ဆိုတဲ့ အမျိုးသမီးတွင် အသက် ၁၄ နှစ်အရွယ် သားလေးတစ်ယောက်ရှိပါတယ်။ သူ သိပ်ချစ်ရတဲ့ သားလေးကို ဆုံးရှုံးသွားရတဲ့အချိန်မှာ တရားမျှတမှုရရှိအောင် ဘယ်လိုကြိုးပမ်းမလဲ ဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုနိုင်ပါတယ်။ ဇာတ်ကားအမြည်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းလှတဲ့အတွက်ကြောင့် ရုပ်ရှင်ချစ်သူများ လက်မလွတ်တမ်း စောင့်ကြည့်ချင်ကြမှာပါ။

Source: MGM

Game Of Love

ရိုမန့်တစ်ဆန်တဲ့ ဇာတ်ကားများကို နှစ်သက်တဲ့ ကွီးတို့အတွက် Game Of Love ဇာတ်ကားကလည်း အကြိုက်တွေ့စေမှာပါ။

Vivien နှင့် Roy တို့နှစ်ယောက်သည် ချစ်သူတွေဖြစ်ကြပြီး တစ်ရက်မှာတော့ Roy ငယ်စဥ်က ကြီးပြင်းခဲ့တဲ့ မိသားစုပိုင် အမွေအိမ်ကြီးကို ရောင်းချဖို့အတွက် မွေးရပ်ဇာတိကို နှစ်ယောက်သား အလည်လာခဲ့ကြပါတယ်။ ထိုအချိန်တွင် ထူးဆန်းတဲ့ အမျိုးသမီးတစ်ယောက်သည် Vivien နှင့် ခင်မင်ရင်းနှီးဖို့ရန်အတွက် ကြိုးစားခဲ့ပါတယ်။ Roy ကတော့ ထိုအဖြစ်အပျက်ကို သိပ်သဘောမတွေ့လှပါဘူး။ ဒီလိုနဲ့ပဲ သူတို့သုံးယောက်ကြားထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ပေါ်ပေါက်လာလိမ့်မလဲ။

Source: Voltage Pictures

The Curse Of Bridge Hollow

အောက်တိုဘာ ဇာတ်ကား

Photo: Tvinsider

သိပ္ပံဆရာတစ်ယောက်နဲ့ သူ့ရဲ့ဆယ်ကျော်သက်သမီးလေးတို့သည် ဟောလိုးဝင်းညမှာ သူတို့ရဲ့ မြို့ငယ်လေးကို ကယ်တင်ဖို့ အကြောင်းဖန်လာပါတော့တယ်။ အကြောင်းကတော့ ထိုကောင်မလေးသည် ဟောလိုးဝင်းအတွက် အလှဆင်ထားတဲ့ သရဲများ၊ မှင်စာများကို မတော်တဆ အသက်သွင်းလိုက်မိလို့ပဲ ဖြစ်ပါတယ်။ ဟာသဆန်ဆန်နဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။

Source: Netflix

The Accursed

သည်းထိတ်ရင်ဖို Horror ဇာတ်လမ်းတွေကို စိတ်ဝင်စားတဲ့ ကွီးတို့အတွက် အောက်တိုဘာ လအတွင်း အသစ်ထွက်ရှိလာတဲ့ ဇာတ်ကား သစ် တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါသေးတယ်။ ထိုဇာတ်ကားကတော့ Accursed ပဲဖြစ်ပါတယ်။

Elly ဆိုတဲ့ အမျိုးသမီးငယ်လေးသည် သူ့မိတ်ဆွေတစ်ယောက်ရဲ့ အကူအညီတောင်းချက်အရ နာမကျန်းဖြစ်ကာ အိပ်ရာထဲလဲနေတဲ့ အဘွားအိုကို ရက်အနည်းငယ်ခန့် ပြုစုစောင့်ရှောက်ဖို့ရန်အတွက် ထိုအဘွားအိုရဲ့ နေအိမ်သို့ ရောက်ရှိလာခဲ့ပါတယ်။ ရက်အနည်းငယ် ကြာတဲ့အခါမှာတော့ Elly တစ်ယောက် ထိုအိမ်ကြီးထဲ နေရတာ မူမမှန်တော့သလို ခံစားရလာပါတော့တယ်။ ဘာ့ကြောင့် သူ(မ) ထိုကဲ့သို့ ခံစားနေရသလဲ။ ထိုအိမ်ကြီးထဲကနေ သူ(မ) ပြန်ထွက်နိုင်ပါ့မလား ဆိုတဲ့ အဖြေကို သိချင်ရင်တော့ ဒီဇာတ်ကားလေးထဲမှာ အဖြေရှာနိုင်ပါတယ်။

Source: Screen Media Films

အခုဖော်ပြသွားတဲ့ ဇာတ်ကားများကတော့ အောက်တိုဘာလအတွင်း ထွက်ရှိလာမယ့် ဇာတ်ကားသစ်များပဲဖြစ်ပါတယ်။ ကွီးတို့အားလုံး ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်မိပါတယ်။