လူတော်တော်များများက အောင်မြင်မှုဆီ အလျင်အမြန်ရောက်လိုကြပြီး အချိန်အတိုအတွင်း အောင်မြင်ချမ်းသာဖို့ ဖြတ်လမ်း နည်းတွေကို စဉ်းစားတက်ကြပါတယ်။ တကယ်တော့ စစ်မှန်တဲ့ အောင်မြင်မှုအတွက် ဖြတ်လမ်း နည်းဆိုတာ မရှိပါဘူး။ ဖြတ်လမ်းလိုက်တာက မြန်မြန်အောင်မြင်ချမ်းသာဖို့ထက် အပျက်သဘောတွေကိုသာ ဦးတည်လေ့ရှိတာပါ။ ရေရှည်အောင်မြင်တိုးတက်ခြင်းရဲ့ တစ်ခုတည်းသော သော့ချက်မှာ အောင်မြင်မှုလမ်းကြောင်းပေါ်က လှေကားထစ်တွေကို တဆင့်ချင်းကျော်လွှားပြီး တစ်ရက်ထက်တစ်ရက် ပုံမှန်တိုးတက်အောင် လုပ်ဆောင်သွားခြင်းပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘဝမှာ အောင်မြင်မှုရဖို့ ဖြတ်လမ်း မလိုက်သင့်တဲ့ အကြောင်းအရင်း တချို့ကို ပြောပြပေးချင်ပါတယ်။

(၁) အချိန်မရွေး ပြိုလဲနိုင်တယ်

Photo : Inc. Magazine

အောင်မြင်မှု ပန်းတိုင်ဆီ လျှောက်လှမ်းရာလမ်းဟာ တစ်ဆင့်ချင်း တစ်လှမ်းချင်း တက်လှမ်းရတာပါ။ အခြေခိုင်ခိုင် ၊ စနစ်တကျတည်ဆောက်ထားခြင်းမရှိတဲ့ အထပ်မြင့် အဆောက်အဦးတစ်ခုဟာ ဘယ်လောက်ပဲ အမြင့်ကို ရောက်နေပါစေ အချိန်မရွေး ပြိုလဲနိုင်ပါတယ်။ ဒီလိုပါပဲ ဘဝမှာလည်း အောင်မြင်မှုအတွက် အခြေခိုင်တဲ့ အုတ်မြစ်ချခြင်း မရှိရင် အချိန်မရွေး သို့မဟုတ် တချိန်ချိန်မှာ ပြိုလဲကျရှုံးနိုင်တယ်ဆိုတာကို သတိပြုမိဖို့ လိုပါတယ်။

(၂) ရလဒ်အမှန် မဖြစ်နိုင်ပါ

Photo : AllBusiness.com

ဖြတ်လမ်းလိုက်တယ် ၊ အလွယ်လမ်းလိုက်တယ်ဆိုတာ မမှန်ကန်တဲ့နည်းလမ်းနဲ့ အောင်မြင်မှုကို ရယူလိုခြင်း ဖြစ်ပါတယ်။ အလွယ်လိုက် ဖြတ်လမ်းနည်းနဲ့ ရလာတဲ့ အောင်မြင်မှုရလဒ်ဟာ သင်တကယ်လိုချင်တဲ့ ရလဒ်အမှန် ၊ ပန်းတိုင်အမှန် မဖြစ်နိုင်ပါဘူး။ ထို့အတူ အဲ့ဒီအောင်မြင်မှုဆိုတဲ့ ရလဒ်ဟာလည်း ရေရှည်တည်တံ့ခိုင်မြဲနိုင်မှာ မဟုတ်ပါဘူး။

(၃) ကျရှုံးတဲ့အခါ အထိနာနိုင်တယ်

Photo : Inc. Magazine

အောင်မြင်မှုလမ်းကြောင်းဆိုတာ စနစ်တကျ တည်ဆောက်ရတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်သလို ဇွဲ ၊ လုံ့လ ၊ ဝီရိယ စတဲ့ ဘက်ပေါင်းစုံက ကြိုးစားအားထုတ်မှုတွေနဲ့အတူ ပုံမှန်လေးကြိုးစားသွားရတာ ဖြစ်ပါတယ်။ အလောတကြီး အလျင်စလို အဆင့်တွေကျော်ပြီး အမြင့်ကိုရောက်လာမယ်ဆိုရင် ကြာကြာတည်တံ့နိုင်ဖို့ခက်ခဲသလို ကျရှုံးချိန်မှာလည်း စနစ်တကျ အောင်မြင်လာသူတွေထက် ၂ ဆ ပိုပြီး အထိနာတက်ပါတယ်။

(၄) စိတ်အေးချမ်းမှု ပျောက်ဆုံးနေမယ်

Photo : WCVA

အလွယ်လိုက်ပြီး အောင်မြင်လာသူတွေကို အပြင်ပန်းကြည့်ရင်တော့ အားကျချင်စရာ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ကာယံကံရှင်ကိုယ်တိုင်ကတော့ သေချာရေရာမှုမရှိတဲ့ အောင်မြင်မှုအတွက် အချိန်တိုင်း စိတ်ထဲမှာ စိုးရိမ်သောကတွေနဲ့ ပူလောင်နေရမှာ ဖြစ်ပါတယ်။ ဖြတ်လမ်းလိုက်တယ်ဆိုတာဟာ တနည်းအားဖြင့် ကြိုးတန်းပေါ် လမ်းလျှောက်နေရခြင်းပဲ ဖြစ်ပါတယ်။

Featured Photo : AllBusiness.com