ကွီးတို့ရဲ့ တစ်နေ့တာကို စတင်တဲ့ ပုံစံနဲ့ အလေ့အကျင့်တွေက ကိုယ့်ဘဝအတွက် အောင်မြင်မှုကို ရနိုင်တယ်ဆိုတာ သိပါသလား။ မနေ့က ဘာတွေပဲ ဖြစ်ခဲ့၊ ဖြစ်ခဲ့ ဒီနေ့မှာတော့ ကောင်းစွာ စတင်သော နံနက်ခင်းက ကွီးတို့ရဲ့ စိတ်ခံစားချက်၊ ထုတ်လုပ်မှုနဲ့ တီထွင်ဖန်တီးနိုင်မှု စွမ်းအား ကို မြှင့်တင် ပေးမယ့် ခံစားချက်ကို သတ်မှတ်ပေးနိုင်ပါတယ်။ ကောင်းသော မနက်ခင်းကို စတင်ခြင်းက တစ်နေ့တာလုံးအတွက် ကွီးတို့ရဲ့ အတွေးအမြင်များကို ကြည်ကြည်လင်လင်နဲ့ အပြုသဘောဆောင်သော သက်ရောက်မှုများကို ပေးစွမ်းပါတယ်။ တစ်နေ့တာလုံးအတွက် လုပ်ဆောင်ရမဲ့ လုပ်ငန်း‌ဆောင်တာများကိုလည်း သေချာစွာ အာရုံစိုက်နိုင်ပါလိမ့်မယ်။ ဒါကြောင့် အောင်မြင်သူ အများစုက ၎င်းတို့ရဲ့ နေ့စဉ် မနက်ခင်း တိုင်းကို ကောင်းမွန်သော အလေ့အကျင့်များ နဲ့ သေသေချာချာ စတင်ကြတယ်လို့ ဆိုတယ်။

အောင်မြင်သူ မနက်ခင်း အလေ့အကျင့်များ

Photo : Steel Supplement

ဥပမာအားဖြင့် ဗြိတိန်စီးပွားရေးသူဌေးကြီး Richard Branson က မနက် ၅ နာရီလောက်ထပြီး လေ့ကျင့်ခန်း အရင်လုပ်ရတာကို နှစ်သက်ကြောင်း သူ့ရဲ့ဘလော့ဂ်မှာ ရေးခဲ့ပါတယ်။ Huffington Post ကိုတည်ထောင်သူ Arianna Huffington ကလည်း အိပ်ရာကနိုးလာချိန်တွင် ဖုန်းကို ချက်ချင်းမကိုင်မိစေရန်၊ အချိန်အနည်းငယ်ကြာအောင် အသက်ရှုလေ့ကျင့်ခန်း ပြုလုပ်ပြီး၊ တစ်နေ့တာအတွက် လုပ်ဆောင်စရာများကို ချမှတ်ခြင်းကို ပိုနှစ်သက်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Apple ရဲ့ CEO ဖြစ်သူ Tim Cook ဟာလည်း ၎င်းရဲ့ တစ်နေ့တာအတွက် မနက်ခင်းသည် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အလွန်စောစောနိုးထပြီး မနက်ပိုင်းလေ့ကျင့်ခန်းများကို ပြုလုပ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါဟာ ကွီးတို့ သိပြီးသား ကမ္ဘာကျော် အောင်မြင်သူများရဲ့ မနက်ခင်း စတင်တဲ့ အလေ့အကျင့်ကောင်းတွေပါပဲ။ ဆက်လက်ပြီးတော့ ဒီဆောင်းပါးလေးမှာ အောင်မြင်သူ အများစုမှာ တွေ့ရလေ့ရှိတဲ့ အတုယူဖွယ် မနက်ခင်း အလေ့အကျင့်များ ကို ဖော်ပြပေးချင်ပါတယ်။

စောစော အိပ်ရာထခြင်း

အောင်မြင်သူ မနက်ခင်း အလေ့အကျင့်များ

Photo : Small Business Trends

လူကြီးမိဘတွေက အိပ်ရာ‌စောစောဝင်ပြီး ‌စောစောထဖို့ ပြောတာ ကွီးတို့ တော်တော်များများ ကြုံဖူးကြမှာပါ။ မနက်ခင်းမှာ စောစောထခြင်းက မနက်ပိုင်း လုပ်စရာရှိတာများကို ပြီးမြောက်ဖို့သာမက တစ်နေ့တာအတွက် အေးအေးဆေဆေးနဲ့ စိတ်လက် ကြည်သာစွာ စတင်ဖို့ အကောင်းဆုံး ပဲ ဖြစ်ပါတယ်။ မနက်ခင်း စောစောထခြင်းဖြင့် မနက်စာကို သေချာစွာ စားဖို့လည်း အချိန်ရပါလိမ့်မယ်။ မနက်စာကို ပုံမှန်စားခြင်းက လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုတဲ့ အပြင် တစ်နေ့တာလုံး လုပ်ငန်းဆောင်တာများ လုပ်ဆောင်ဖို့ စွမ်းအင်များ ပြည့်နေပါလိမ့်မယ်။ ကွီးတို့အနေနဲ့ ညကို နောက်ကျမှ အိပ်ဖြစ်နေပြီး မနက်စောစောမထနိုင်ဖြစ်နေပါက ကွီးတို့ရဲ့ အချိန်ဇယားကို ကြိုးစားပြီး ပြင်ကြည့်ပါ။ အမှန်တကယ်ပင် အကျိုးထူးတာ တွေ့ရပါလိမ့်မယ်။ ကွီးတို့ ဘဝ တိုးတက်အောင်မြင်ဖို့ အတွက်လည်း ဒီအလေ့အကျင့်ကောင်းကို မွေးမြူပါ။

မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ခြင်း

အောင်မြင်သူ မနက်ခင်း အလေ့အကျင့်များ

Photo : Vista Create

လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အတွက် အကျိူးများစွာ ရှိပါတယ်။ အောင်မြင်သူ များက ၎င်းတို့ စိတ်ရောကိုယ်ပါ ကျန်းမာမှ မိမိရောက်ချင်တဲ့ အောင်မြင်မှု ပန်းတိုင်ဆီကို ရောက်နိုင်မယ်ဆိုတာ နားလည် သဘောပေါက်ကြပါတယ်။ ဒါကြောင့် အောင်မြင်သူတော်တော်များများက မနက်ခင်းလေ့ကျင့်ခန်းကို အလေးပေးပြီး လုပ်ဆောင်ကြပါတယ်။ British Journal of Sports Medicine တွင် ဖော်ပြထားသော လေ့လာမှုတစ်ခုအရ အလယ်အလတ်ပြင်းထန်သော လေ့ကျင့်ခန်းတစ်ခုသည် သက်ကြီးရွယ်အိုများအတွက် မှတ်ဉာဏ်ကို တိုးတက်စေကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အလုပ်၊ ကျောင်း သို့မဟုတ် ကွီးတို့ရဲ့ နေ့စဉ်အလုပ်များမစမီ လေ့ကျင့်ခန်းလုပ်ပြီး ချွေးထွက်ခြင်းသည် ကွီးတို့ရဲ့ စိတ်ခံစားချက်များနဲ့ စိတ်နေသဘောထားအပေါ် အပြုသဘောဆောင်သော သက်‌ရောက်မှုများ ရရှိနိုင်ပါတယ်။

တရားထိုင်ခြင်း

morning routine

Photo : Infobae

တရားထိုင်ခြင်းက လူတစ်ယောက်နဲ့ တစ်ယောက် ကွဲပြားနိုင်သော်လည်း အခြေခံအားဖြင့် ၎င်းသည် စိတ်ကို ဖြေလျော့ခြင်း၊ စိတ်အပန်းဖြေခြင်း၊ အာရုံစူးစိုက်မှုနှင့် သတိတရားတို့ပါ၀င်သည့် စိတ်လေ့ကျင့်ခန်း ပုံစံတစ်ခု ဖြစ်ပါတယ်။ ဆယ်မိနစ်လောက် စိတ်ကိုရှင်းထုတ်ပြီး လေးလေးနက်နက် အသက်ကို ရှူသွင်း၊ ရှူထုတ်တာ ဒါမှမဟုတ် တရားထိုင်တဲ့ အက်ပ်တစ်ခုခုကို အသုံးပြုပြီး လိုက်လုပ်ကြည့်ပါ။ အမှန်တကယ် အကျိုးရှိစေပါတယ်။

တစ်နေ့တာ အတွက် လုပ်ဆောင်စရာများကို စာရင်းပြုစုခြင်း

morning routine

Photo : Amitree

အောင်မြင်သူ အများစုမှာ တွေ့ရလေ့ရှိတဲ့ အတုယူဖွယ် မနက်ခင်း အလေ့အကျင့်များ ထဲက တစ်ခုကတော့ မနက်ခင်းမှာ အချိန်နည်းနည်းပေးပြီး တစ်နေ့တာ လုပ်ဆောင်စရာရှိတာများကို စာရင်းပြုစုတာပဲ ဖြစ်ပါတယ်။ အလုပ်နှင့်သက်ဆိုင်သည်ဖြစ်စေ၊ ကိုယ်ရေးကိုယ်တာဖြစ်စေ၊ လုပ်ဆောင်စရာရှိတာများကို ချရေးပြီး အရေးကြီးဆုံးအရာများကို ဦးစွာပြီး မြောက်စေရန် စီစဉ်ပါ။ ဒီလိုလုပ်ခြင်းက ကိုယ့်ရဲ့ တစ်နေ့တာ လုပ်စရာရှိတာများကို ကျန်ခဲ့ခြင်း မရှိစေဘဲ စနစ်တကျ ပြီးမြောက်နိုင်သည်သာမက အလုပ်ပြီးမြောက်နှုန်းကိုလည်း မြန်စေပါတယ်။ Michelle Obama နှင့် Richard Branson ကဲ့သို့သော အောင်မြင် ကျော်ကြားသူများကလည်း နေ့စဥ်လုပ်ဆောင်ရမည့်အရာများကို စေ့စေ့စပ်စပ်စီစဉ်ရန် အချိန်ယူကာ အစီအစဉ်ချခြင်းကို သေချာစွာ လိုက်နာလုပ်ဆောင်ကြသူများ ဖြစ်တယ်လို့ ဆိုပါတယ်။

ကွီးတို့ ဘဝမှာ အောင်မြင်မှု ပန်းတိုင်တွေဆီ အရောက်လှမ်းချင်တယ်ဆိုရင် ကွီးတို့ရဲ့ မနက်ခင်းများကို အကျိုးရှိစေတဲ့ အလေ့အကျင့်ကောင်းများနဲ့ စတင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Source : Groove

Featured Photo : Medium