အောင်မြင် ခြင်းသည် အချိန် အတိုင်းအတာတစ်ခုအထိ ကြာမြင့်နိုင်ပါတယ်။ သင့်ရဲ့ စီးပွားရေးလုပ်ငန်းများသည် ကိုယ်က အမှန်တကယ် အားစိုက်ထုတ်လျက်သားနှင့် ထင်သလောက် မအောင်မြင်ဘူး၊ သင့်ရဲ့အလုပ်မှာ ကြိုးစားလျက်နဲ့ ရာထူးမတိုးသေးဘူးဆိုရင်တော့ မအောင်မြင်ရတဲ့ အဖြေတစ်ခု ရှိကို ရှိပါတယ်။

ဘယ်သူကမှတော့ နေ့ချင်းညချင်း အောင်မြင်လာတာမဟုတ်ပါဘူး။ အချိန်အတိုင်းအတာတစ်ခုအထိတော့ စောင့်ရစမြဲပါပဲ။ သို့သော် အောင်မြင် မှုရရှိဖို့ရန်အတွက် စောင့်ဆိုင်းရတဲ့ အချိန် က ခန့်မှန်းထားတာထက် ကြာညောင်းနေမယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အချက်များကြောင့်လားဆိုတာ ပြန်လည်ဆန်းစစ်ကြည့်လိုက်ပါ။

အရေးမကြီးတာတွေကို အရာပေးနေမိတယ်

အောင်မြင် အချိန်

အောင်မြင်ခြင်းသည် ကြိုးစားအားထုတ်ခြင်းရဲ့ နောက်မှာ ကပ်ပါလာတာဖြစ်ပါတယ်။ သို့သော် ထိုကြိုးစားအားထုတ်ခြင်းသည် နည်းစနစ်မှန်မှန် ကြိုးစားအားထုတ်မှု ဖြစ်ဖို့တော့ လိုအပ်ပါတယ်။ ကိုယ် ကြိုးစားလုပ်ဆောင်နေတဲ့အရာသည် အောင်မြင်မှုကို အထောက်အပံ့ပေးနေတဲ့အရာ ဖြစ်ဖို့လိုအပ်ပါတယ်။ ဥပမာ- သင်သည် အောင်မြင်ကျော်ကြားတဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်တယ်ဆိုပါစို့။ ဒါဆိုရင် ထိုစီးပွားရေးနဲ့ ပတ်သက်တဲ့အရာတွေ၊ ငွေရေးကြေးရေး စီမံခန့်ခွဲမှုအပိုင်း၊ ခေါင်းဆောင်မှုပိုင်း၊ လုပ်ငန်းနိုင်နင်းမှု စတဲ့ အရာတွေအပေါ်မှာ ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ သင်သည် သင့်ရဲ့ ကြိုးစားအားထုတ်မှုတွေကို Gym ခန်းမကို သွားပြီး လေ့ကျင့်ခန်း မှန်မှန် သွားလုပ်နေမယ်ဆိုရင်တော့ ခုတ်ရာတခြား၊ ရှရာတခြားဖြစ်သွားပြီး မိမိလိုချင်တဲ့ အောင်မြင်မှုကို ရရှိနိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ပြန်မေးကြည့်လိုက်ပါ။ အရေးမပါတာတွေကို ရေးကြီးခွင်ကျယ်လုပ်ပြီး နေရာပေးနေမိပြီလား။

အောင်မြင်မှုမှာ ဖြတ်လမ်း ဆိုတာ မရှိပါဘူး

အောင်မြင် အချိန်

၁၉၁၉ ခုနှစ်တုန်းက Walt Disney သည် ကာတွန်းရေးဆရာအဖြစ် အလုပ်လုပ်ကိုင်ရန် Kansas မြို့သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ သို့သော် သူ့ရဲ့ သူဌေးက သူ့မှာ စိတ်ကူးစိတ်သန်းနှင့် တီထွင်ကြံဆနိုင်စွမ်း မကောင်းလို့ဆိုပြီး အလုပ်ထုတ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူ ရေးဆွဲတဲ့ ကာတွန်းများကို စခရင်မ်ပေါ်မှာ ပြသတဲ့အလုပ်ကို ပြောင်းလုပ်ခဲ့ပါတယ်။ ထိုအစီအစဥ်ကိုတော့ Laugh-O-Grams လို့ ခေါ်ပါတယ်။ အတိုင်းအတာတစ်ခုအထိတော့ အောင်မြင်ခဲ့ပေမယ့် သူ့ရဲ့ စတူဒီယိုသည် ၁၉၂၃ ခုနှစ်မှာ အရှုံးပေါ်ပြီး ဒေဝါလီ ခံခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ၁၉၃၇ ခုနှစ်၊ ဒီဇင်ဘာမှာတော့ Snow White And The Seven Dwarfs ဆိုတဲ့ ကာတွန်းကားကို ဖြန့်ချီခဲ့ပြီး အမြတ်ငွေပေါင်း ဒေါ်လာ သန်းချီ ရရှိခဲ့ပြီး အော်စကာဆု ၈ ခုတောင် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

Walt Disney ကို သာဓက ယူကြည့်မယ်ဆိုရင် သူသည် ယခုလို အကြီးအကျယ်အောင်မြင်ဖို့ အနှစ် ၂၀ ကျော် အချိန်ယူခဲ့ရတာဖြစ်ပါတယ်။ အောင်မြင်မှုမှာလည်း ဖြတ်လမ်းဆိုတာမရှိပါဘူး။ နည်းမှန်လမ်းမှန်နဲ့ အမှန်အကန် ကြိုးစားဖို့ပဲလိုအပ်တာဖြစ်ပါတယ်။

လူတိုင်းမှာ သူ့ရဲ့ ကိုယ်ပိုင် စန်းပွင့်ချိန်ဆိုတာ ရှိပါတယ်

အောင်မြင် အချိန်

လူတိုင်းမှာ ကိုယ်ပိုင် စန်းပွင့်ချိန်ဆိုတာ ရှိပါတယ်။ လူတစ်ယောက်သည် အသက် ၂၀ မှာ အောင်မြင်နိုင်သလို၊ အခြားတစ်ယောက်သည်လည်း အသက် ၃၀၊ ၄၀ (သို့) ၅၀၊ ၆၀ မှ အောင်မြင်တာမျိုးလည်း ရှိပါတယ်။ သိသာထင်ရှားတဲ့ ဥပမာကို ပြရမယ်ဆိုရင်တော့ Zuckerberg သည် အသက် ၂၀ ကျော်မှာ ကျိကျိတက် ချမ်းသာကာ အောင်မြင်ခဲ့ပြီး KFC ပိုင်ရှင်သူဌေးကြီးဖြစ်တဲ့ Colonel Sanders ကတော့ အသက် ၆၀ မှ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ လူတိုင်းက Mark Zuckerberg မဟုတ်သလို သင်သည်လည်း Steve Jobs ၊ Jeff Bezos မဟုတ်ပါဘူး။ သင်သည် သင်သာ ဖြစ်ပါတယ်။ အောင်မြင်နေတဲ့ သူငယ်ချင်းတွေကို မြင်ပြီး သူကတော့ အောင်မြင်နေလိုက်တာ၊ ငါ့ကျမှ ဘာဖြစ်နေပါလိမ့်လို့ သူများနဲ့ လိုက်နှိုင်းနေမယ်ဆိုရင် သင်ပဲ စိတ်ဆင်းရဲရမှာဖြစ်ပါတယ်။

အချိန်ဘယ်လောက်ထိ ကြာနိုင်သလဲ

success and time

ဒီကမ္ဘာပေါ်မှာ ဖြစ်တည်နေတဲ့ သက်ရှိသတ္တဝါများ အားလုံးသည် သက်ရှိရယ်လို့ အကောင်အထည်တစ်ခုဖြစ်ပေါ်ဖို့ရန်အတွက် ကိုယ်ဝန်ဆောင်ကာလကို မဖြစ်မနေ ဖြတ်သန်းရပါတယ်။ ကြက်မကြီး တစ်ကောင်သည် ဥ ဥဖို့ရန်အတွက် ၂၁ ရက်ကြအောင် စောင့်ဆိုင်းရပြီး ကျနော်တို့လူသားများသည် မိခင်ဗိုက်ထဲမှ ထွက်ဖို့ရန်အတွက် ၉ လကြာအောင် စောင့်ဆိုင်းရပါတယ်။ ဒါသည် သဘာဝတရားပဲဖြစ်ပါတယ်။ ကျနော်တို့လူသားများသည် ကြက်ကလေးများထက် အသိဥာဏ်ရည် ပိုမိုမြင့်မားတဲ့သက်ရှိဖြစ်တဲ့အတွက် မီးဖွားဖို့ရန်အတွက် စောင့်ဆိုင်းရတဲ့ ကာလသည် ပိုကြာသွားတာဖြစ်ပါတယ်။ ထိုကဲ့သို့ပဲ ပိုမိုကြီးကျယ်ခမ်းနားတဲ့ အောင်မြင် မှုကို လိုချင်ရင် အချိန် အတိုင်းအတာတစ်ခုကို စောင့်ရစမြဲပါပဲ။ ဒါ့ကြောင့် အချိန်ဘယ်လောက်တောင် စောင့်ရမှာလဲလို့ သံသယ ဝင်နေတဲ့အခါ သင်သည် ဘယ်လောက်ထိ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုမျိုးကို လိုချင်သလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်လိုက်ပါ။

နောက်ထပ် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်သင့်တဲ့ မေးခွန်းတွေကတော့ …

man thinking

(၁) သင်သည် ဆုံးရှုံးရမှာကို ကြောက်နေပါသလား။

(၂) သင်သည် အတိတ်က ဖြစ်ရပ်ထဲမှာပဲ ပိတ်မိနေသလား။

(၃) သင့်ရဲ့ မာနတစ်ခုတည်းကိုသာ ရှေ့တန်းတင်နေမိပြီလား။

(၄) လက်တွေ့မဆန်တဲ့အရာတွေနဲ့ ကိုယ့်ကိုယ်ကို နှိပ်စက်နေသလား။

(၅) သင့်ရဲ့ စိတ်အားထက်သန်မှုတွေ ကုန်ခမ်းနေပြီလား။

ထိုမေးခွန်းတွေ အားလုံးရဲ့ အဖြေက “Yes” ဖြစ်နေမယ်ဆိုရင်တော့ သင့်အတွက် အောင်မြင် မှုသည် လိုတာထက်ပိုပြီး အချိန် ကြာညောင်းနိုင်ပါတယ်။

Source: Businessinsider

Featured Image: Azinforma