အောင်မြင် ဖို့အတွက် စိတ်တန်ခိုး နဲ့ ကိုယ့်ကိုယ်ကိုယ် တိုးတက်ပြောင်းလဲအောင် တွန်းတင်နေတဲ့ လုပ်ရပ်လေးတွေ လိုပါတယ်။ ရည်မှန်းချက်ပန်းတိုင်တွေဆီ လျှောက်လှမ်းရာမှာ သေးငယ်ရိုးရှင်းတဲ့ အလေ့အထလေးတွေကလည်း နေ့စဉ်ဘဝရဲ့ အောင်မြင်မှုကို ရုပ်လုံးဖော်ပေးနိုင်ပါတယ်။ ရိုးရှင်းတဲ့ အလေ့အထ ကောင်းလေးတွေကို တစ်ရက် ၁၅ မိနစ် နာရီဝက်လောက် ပုံမှန် ကျင့်သုံးသွားမယ်ဆိုရင် အောင်မြင်မှု ဆီရောက်ဖို့ ပိုပြီးနီးစပ်လွယ်ကူစေမှာပါ။ ဘယ်လိုအလေ့အထလေးတွေလဲဆိုတာကို အောက်မှာ မျှဝေပေးချင်ပါတယ်။

(၁) စိတ်တည်ငြိမ်အောင် ထားမှု

Meditation Under Sun

Photo: Pexels

စိတ်ထဲမှာ မဆုံးနိုင်တဲ့ အတွေးတွေနဲ့ တလည်လည် အဖြစ်မခံဘဲ လိုအပ်သလို တိတ်ဆိတ်မှုပေးဖို့ လိုပါတယ်။ တစ်ခါတလေ ဘယ်မှ သွားစရာမလိုဘဲ တစ်ကိုယ်တော်ဆိတ်ငြိမ်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် Airplane Mode ဖွင့်ထားတာကလည်း ထိန်းချုပ်နိုင်စွမ်းမြင့်မားမှု ၊ စိတ်ရဲ့ ငြိမ်သက်ကြည်လင်မှုနဲ့ အာရုံနှစ်နိုင်စွမ်းတွေ တက်လာနိုင်ပါတယ်။ ဒါက တရားထိုင်တာနဲ့ ဆင်ဆင်တူတဲ့ စိတ်အဆင့်မြင့်မားမှုတစ်မျိုးပါပဲ။

(၂) ကျေးဇူးတင်တတ်မှု

Thanks

Photo: Pexels

ကိုယ်ရတဲ့ အခြေအနေတစ်ခုဆီက ကောင်းကွက်လေးတွေ ရှာပြီး ကျေနပ်တတ်တဲ့စိတ် ၊ ကျေးဇူးတင်တတ်တဲ့သဘောထားမျိုး မွေးနိုင် တွေးနိုင်ရင် ဘဝရဲ့ ကြမ်းတမ်းတဲ့ ရိုက်ချက်တွေကို ရင်ဆိုင်ရ ပိုလွယ်ပါတယ်။ မလိုအပ်ဘဲ အမောကြီး မောနေတာတွေလည်း သက်သာလာနိုင်ပါတယ်။ လွတ်လပ်ပေါ့ပါးတဲ့ စိတ်နဲ့ ဖန်တီးမှုသစ်တွေ ထပ်လုပ်ဖို့လည်း လမ်းပွင့်သွားပါလိမ့်မယ်။

(၃) အချိန်တန်ဖိုးထားမှု

Time

Photo: Pexels

အချိန်ဟာ ကျွန်တော်တို့ အားလုံး ကိုယ်စီ အကန့်အသတ်နဲ့ ရနေတဲ့ အဖိုးတန်အရင်းအမြစ်တစ်ခုပါပဲ။ အောင်မြင်ချင်ရင် တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေကို အကျိုးမဲ့ မကုန်ဆုံးစေဖို့ အကျိုးရှိရှိ အသုံးချတတ်ဖို့ သိပ်အရေးကြီးပါတယ်။ တစ်ရက် မိနစ်၃၀ လောက်ပဲ အားအား ၊ အားလပ်ချိန်မှာ ကိုယ့်ဘဝ တိုးတက်ရေးအတွက် ကုန်ဆုံးစေဖို့ တိုက်တွန်းချင်ပါတယ်။

(၄) သင်ခန်းစာယူတတ်မှု

Lessons

Photo: Pexels

နေ့စဉ်ဘဝမှာ ဖြစ်ဖြစ် ၊ ပြီးခဲ့တဲ့ ကာလတွေတုန်းက ဖြစ်ဖြစ် အရာအားလုံး ၊ ကိစ္စအားလုံးအတွက် သင်ခန်းစာအဖြစ် ပြန်သုံးတတ်ဖို့က ပိုအရေးကြီးပါတယ်။ ထွက်ပေါက်မရှိတဲ့ အတွေးတွေးတွေးပြီး နောင်တရနေတာထက် သင်ခန်းစာယူပြီး ချို့ယွင်းချက်တွေ ပြုပြင်တတ်ဖို့က ပိုပြီး အကျိုးရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ တဝဲလည်လည်နဲ့ မအောင်မြင်ခဲ့တာတွေ ၊ ဆုံးရှုံးခဲ့တာတွေပဲ တွေးနေတဲ့ Open Loops တွေကို ပိတ်ချထားပါ။
တစ်ရက်ချင်း တစ်ရက်ချင်း ကိုယ့်ရဲ့ အောင်မြင်ဖို့ ကြိုးစားချက်တွေမှာ အခုပြောတဲ့ အလေ့အထကောင်းလေးတွေ ထည့်သွားနိုင်ရင် တချိန်ချိန်မှာ အောင်မြင်မှု ရလာမှာ အမှန်ပါပဲ။

Featured Photo: Forbes