အောင်မြင်မှု ဆိုတာ လူတစ်ဦးချင်းစီအတွက် အဓိပ္ပါယ်တစ်မျိုးစီ ရှိကြတဲ့ သဘောတရား တစ်ခုပဲ ဖြစ်ပါတယ်။ အောင်မြင်မှုဆိုတာ တချို့လူတွေအတွက် အလုပ်အကိုင်ကောင်းကောင်း ရတာ ၊ အိမ်ကောင်းကောင်း ၊ မိသားစုဘဝ ပျော်ရွှင်မှု ၊ ရာထူးရာခံ နဲ့ ချမ်းသာကြွယ်ဝမှုလို့ အဓိပ္ပါယ် ရပါတယ်။ အရေးကြီးတာက ကိုယ် သတ်မှတ်ထားတဲ့ အောင်မြင်မှုဆီ ကိုယ်တိုင် အရောက်သွားနိုင်ဖို့ပါပဲ။ လူတွေရဲ့ နေ့စဉ် ဘဝဟာ ရည်မှန်းချက်တစ်ခုစီ ၊ မျှော်လင့်ချက် တစ်ခုစီကို ဦးထိပ်ထားပြီး ဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား မအောင်မြင် သေးဘူးဆိုတာက ကွီး တို့မှာ ပြင်စရာ ပြောင်းစရာလေးတွေ ရှိနေလို့လည်း ဖြစ်နိုင်ပါတယ်။  ဖြစ်နိုင်ခြေရှိတဲ့ ပြောင်းလဲရမယ့် အချက်လေးတွေကတော့

(၁) Passion မပြင်းထန်တာ

Passion

Photo: Unsplash

Passion ဖြစ်တယ်ဆိုတာ ကိုယ်တပ်မက် မြတ်နိုးတာကို ပြောတာ ဖြစ်ပါတယ်။ ကိုယ်မကြိုက်တဲ့ အလုပ်တွေကို လုပ်နေကြသူတွေ အများကြီး ရှိပါတယ်။ တချို့တွေက ကိုယ်ကိုယ်တိုင် မပျော်ရွှင်ပေမယ့် အများသွားတဲ့ လမ်းကြောင်းအတိုင်း သွားရင် တစ်နေ့ အဆင်ပြေသွားမှာပဲ ဆိုပြီး မျှောလိုက်တတ်တဲ့ အကျင့်ဆိုးကြီး မွေးထားတတ်ကြပါတယ်။

တကယ်လို့ ကွီး တို့ မအောင်မြင် ရတဲ့ အချက်ထဲမှာ သင် ကြိုက်တာကို မလုပ်ဖြစ်ဘူးလို့ တွေ့ရရင် စွန့်လွှတ်လိုက်ပါ။ ကိုယ် တကယ် Passionate ဖြစ်တဲ့ အလုပ်မျိုးကို သေချာစဉ်းစားပြီး တကယ် စိတ်ဝင်စားတဲ့ အလုပ်ကိုပဲ တွန်းလုပ်ဖို့ ပြောချင်ပါတယ်။ Passion မရှိရင် ရည်မှန်းချက် မခိုင်မာပါဘူး။ ရည်မှန်းချက် မပြတ်သားရင် အောင်မြင်ဖို့ အရေးက ခက်ခဲ ဝေးကွာသွားနိုင်ပါတယ်။

(၂) ဇွဲနဲ့ မကြိုးစားတာ

Artwork

Photo: Unsplash

အလုပ်ကြိုးစားတယ်ဆိုတာ သင့်ကိုယ်သင် တွန်းနေရတဲ့အရာမျိုး မဖြစ်သင့်ဘဲ သင်ကိုယ်တိုင် ပျော်ပျော်ကြီး အားထည့်လုပ်တာမျိုးကို ပြောတာပါ။ အောင်မြင်တဲ့ အလုပ်တစ်ခု ၊ အောင်မြင်တဲ့ အစီအမံတစ်ခုကို ကြည့်လိုက်ရင် ဇွဲအပြည့်နဲ့ အားမာန်အပြည့် သုံးပြီး လုပ်တာမှန်း တွေ့ရပါလိမ့်မယ်။ အလုပ်မှာ ကျေနပ် ပျော်ရွှင်ပြီး ‌မောရမှန်း မသိ ပျော်ပျော်ကြီး အားစိုက် လုပ်နေပြီ ဆိုရင် အဲ့ဒီလူဟာ အ‌နှေး နဲ့ အမြန် ဆိုသလို အောင်မြင်မှု ရလာမှာ အမှန်ပါပဲ။

နာမည်ကျော် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက် သက်ချာ ပြောဖူးတဲ့ စကားလေး တစ်ခွန်း ရှိပါတယ် ။ “ကြိုးစား အားထုတ်မှု မရှိဘဲနဲ့ ထိပ်ဆုံးကို ရောက်သွားသူ တစ်ဦးမှ ကျွန်မဖြင့် မသိခဲ့ဖူးပါဘူး။ ကြိုးစားမှုဟာ ဟင်းချက်နည်း လက်ရာတစ်မျိုးပါပဲ ။ ထိပ်ဆုံးကို အမြဲ မရောက်နိုင်တောင် ထိပ်ဆုံးနားကို ရောက်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ် ” တဲ့။

(၃) အစီအစဉ် မရှိတာ

Plan

Photo: Unsplash

အစီအစဉ် ရှိခြင်းက သင် ဘယ်ကို သွားမယ် ဆိုတာကို ညွှန်ပြနေတဲ့ သံလိုက်အိမ်မြောင်လိုပါပဲ။ သင့်မှာ လမ်းပြမြေပုံ တစ်ခု ရှိထားတယ် ဆိုတဲ့ ခံစားချက်မျိုး ရချင်ရင် အစီအစဉ်ကောင်းတစ်ခုတော့ မဖြစ်မနေ ဆွဲထားဖို့ လိုပါတယ်။ တစ်ဆင့်ချင်း ရည်မှန်းချက် ပန်းတိုင်တွေ ချမှတ်သွားရာမှာ ကိုယ်သွားမယ့် အဆင့်တိုင်းအတွက် လိုအပ်တဲ့ အစီအစဉ်တွေကို ရေးဆွဲခြင်းအားဖြင့် ဘာတွေ ဘယ်လို ပြင်ရမယ် ၊ ဘယ်အချက်တွေနဲ့ ဖြည့်ဆည်းထားမှ အောင်မြင် နိုင်မယ် ၊ ဘယ်လို အခက်အခဲတွေနဲ့ ကြုံတဲ့အခါ ဘယ်လိုမျိုး ဖြေရှင်းမယ် စသည်ဖြင့် ပိုပြီး စနစ်တကျနဲ့ ဗျူဟာမြောက် ရည်မှန်းချက်တွေ ဖြည့်ဆည်းသွားနိုင်စွမ်း ရှိလာပါလိမ့်မယ်။

(၄) ဘောင်ထဲမှာ ပိတ်မိနေတာ

Limits

Photo: Unsplash

သာမန်ထက် ပိုထူးကဲချင်ရင် ပုံမှန်ဘဝထဲကနေ ခွဲထွက်ပြီး အကန့်အသတ် အတားအဆီးတွေကို တွန်းချိုးဖို့ လိုပါတယ်။ လူတိုင်းမှာ စိတ်ကူးယဉ်မှု ရှိပြီး အောင်မြင်သူတွေကတော့ ရုန်းကန်ဖောက်ထွက်ရဲတဲ့ သတ္တိလေး အပိုပါလာပါတယ်။ ဒါကြောင့်ပဲ အောင်မြင်သူနဲ့ သာမန်လူ ဆိုပြီး ကွဲပြား သွားတာ ဖြစ်ပါတယ်။ အောင်မြင်တဲ့ ဘဝပိုင်ရှင် ဖြစ်လာဖို့ ကိုယ့်ရဲ့ အကန့်အသတ်တွေကို ချိုးဖျက်ပါ။ ကြောက်စိတ်ကို ကျော်ရဲဖို့ နဲ့ စွန့်စားရဲတဲ့ စိတ် မွေးကြည့်ဖို့ လိုပါတယ်။

ဘောင်တွေကို ချိုးဖျက်တယ် ဆိုတာ အိုင်ဒီယာသစ်တွေ ဖန်တီးတာ ၊ ကိုယ့်ရဲ့ အခွင့်အလမ်းကို ကိုယ်တိုင် ရှာဖွေလိုက်တာပဲ ဖြစ်ပါတယ်။ အမြင့်ဆုံး ရည်မှန်းချက်တစ်ခုဆီ သွားတဲ့ အခါမှာ သမရိုးကျ အတွေးအခေါ်မျိုးနဲ့ ဆက်သွားလို့ မရပါဘူး။ ဖန်တီးမှု ပါပြီး ခေတ်ရှေ့ပြေးတဲ့ အတွေးအခေါ် နဲ့ အမြင်သစ်တွေ မသုံးရင် ပုံမှန်ဘဝကနေ ခွဲထွက်နိုင်မှာ မဟုတ်ဘူးလို့ သိစေချင်ပါတယ်။

Featured Photo: Unsplash