ခရစ္စတယ် ပဲလေ့စ် နည်းပြ ပက်ထရစ် ဗီယာရာ ဟာ ကြာသပတေးနေ့ညနေက ဂွတ်ဒီဆင် ပ့ါခ်မှာ ပရိသတ်တွေ ကွင်းအတွင်း ကျူးကျော်ဝင်ရောက်မှုအတွင်း ရန်စခြင်းခံခဲ့ရပြီးနောက် အဲဗာတန်ပရိသတ် ကို မြေကြီးပေါ် လဲကျသွားအောင် ကန်ခဲ့ပါတယ်။

Everton fans stormed the pitch after their 3-2 win over Crystal Palace

Photo: Metro

အဲဗာတန်ပရိသတ် တွေဟာ ဒေါမနစ် ကယ်လ်ဗတ်-လူဝင်ရဲ့ ၈၅ မိနစ်က နောက်ကျအနိုင်ဂိုးကြောင့် ခရစ္စတယ်ပဲလေ့စ်ကို ၃-၂ နဲ့ အနိုင်ရရှိပြီး တန်းဆင်းဇုန်အန္တရာယ်ကနေ လွတ်မြောက်ခဲ့ပြီးနောက် ကွင်းအတွင်း ဝင်ရောက်အောင်ပွဲခံခဲ့ကြတာ ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်က ပထမပိုင်းမှာ ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ လမ်းပတ်ရဲ့အသင်းက ချေပဂိုးတွေနဲ့ ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အဲဗာတန်ပရိသတ် ထောင်ပေါင်းများစွာဟာ ပွဲပြီးဝီစီမှုတ်ချိန်မှာ ကွင်းအတွင်း အောင်ပွဲခံဖို့ ပြေးဝင်လာခဲ့ပြီး အဝတ်လဲခန်းထဲကို ဦးတည်ပြီး သွားနေတဲ့ ခရစ္စတယ်ပဲလေ့စ်နည်းပြ ဗီယာရာကို အဲဗာတန်ပရိသတ်တစ်ဦးက ရိုင်းပျတဲ့အမူအရာကို မျက်နှာရှေ့မှာ ပြသခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ အစပိုင်းမှာ ဗီယာရာဟာ အဲဗာတန်ပရိသတ်ရဲ့ အမူအရာကို လျစ်လျူရှုခဲ့ပေမယ့် တစ်စုံတရာ မတုံ့ပြန်မချင်း လိုက်လံစိတ်အနှောင့်အယှက်ပေးနေခဲ့တာ ဖြစ်ပါတယ်။

Patrick Vieira leave the pitch with escorts

Photo: The Guardian

သည်းခံနိုင်စွမ်း ကုန်ဆုံးသွားခဲ့တဲ့ ဗီယာရာ ဟာ နောက်ပြန်လှည့်ပြီး အဲဗာတန်ပရိသတ် ရဲ့ လည်ပင်းကို လှမ်းဆွဲခဲ့ပြီးနောက် ခြေထောက်ကို ဖြတ်ကန်ပြီး မြေကြီးပေါ် လှဲသိပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပြီး အဲဒီဖြစ်စဉ်အတွင်း အခြား အဲဗာတန်ပရိသတ်တွေ က ဗီယာရာကို ဝိုင်းဆွဲထုတ်ပြီး အဝတ်လဲခန်းဆီကို ပြန်သွားနိုင်အောင် ကူညီပေးခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဂွတ်ဒီဆင် ပါ့ခ်က ဖြစ်စဉ်နဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ ဗီယာရာ က “ကျွန်တော် အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာမှ ပြောစရာမရှိပါဘူး”လို့ တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။

Featured Photo: Metro