ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တစ်ရာသီမှာ တစ်သင်းကို ပွဲစဉ်ပေါင်း (၃၈)ပွဲအထိ ကစားရတာဖြစ်လို့ (၃၈)ပွဲလုံးသာ အနိုင်ရတဲ့ အသင်းက စုစုပေါင်း ရမှတ် (၁၁၄)မှတ်အထိကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်မှာ တစ်ရာသီလုံး ရှုံးပွဲမရှိပဲ ချန်ပီယံ ဖြစ်ခဲ့တဲ့အသင်းသာ ရှိခဲ့ဖူးပြီးတော့ တစ်ရာသီလုံး ရာနှုန်းပြည့်နိုင်ပွဲနဲ့ ချန်ပီယံ ဖြစ်ခဲ့တဲ့အသင်းကတော့ တစ်သင်းမှကို မရှိဖူးပါဘူး။ ဒါပေမယ့် ရှုံးပွဲမရှိပဲ ရွှေဖလားကြီးကို ရယူခဲ့ဖူးတာကတော့ အာဆင်နယ် တစ်သင်းတည်းသာ ရှိခဲ့ဖူးပါတယ်။

pep vs mikel

Photo Credit: Football Fancast

အာဆင်နယ်လည်း အဲ့ဒီအချိန်တုန်းက တစ်ရာသီလုံး ရှုံးပွဲမရှိနဲ့ ပရီးမီးယားလိဂ် ရွှေဖလားကြီးကို ရယူခဲ့ပြီးတဲ့နောက်ပိုင်း နှစ်ပေါင်းများစွာအထိ ကြာမြင့်အောင် ပရီးမီးယားလိဂ်ဖလားနဲ့ အလှမ်းဝေးနေခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီကတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အတော်လေးကို နီးစပ်ခဲ့ပါသေးတယ်။ အမှတ်ပေး ချန်ပီယံဆုနဲ့ ဆက်တိုက် ယှဉ်ပါးနေတဲ့ မန်စီးတီးကိုတောင် နောက်ကောက်ချနိုင်ဖို့ နီးစပ်ခဲ့သေးပေမယ့် ဆင်ပြောင်ကြီး အမြီးကျမှတစ် ဆိုသလို မန်စီးတီးလို ချန်ပီယံလုပွဲ အတွေ့အကြုံတွေ ရှိနေတဲ့ အသင်းရဲ့ ကျော်တက်ခြင်းကို ခံရရင်း ပရီးမီးယားလိဂ်ဖလားနဲ့ ထပ်လွဲခဲ့ရပြန်ပါတယ်။

mikel arteta

Photo Credit: Reuters

ဒါပေမယ့် အာဆင်နယ်ဆီမှာလည်း ချန်ပီယံ ပြေးလမ်းကြောင်း အတွေ့အကြုံကောင်းတွေတော့ ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဒီအတွေ့အကြုံတွေနဲ့ အခု ၂၀၂၄-၂၀၂၅ ဘောလုံးရာသီသစ်မှာ အာဆင်နယ်တို့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် နောက်တစ်ကြိမ် ပြန်လည် တိုက်ပွဲဝင်သွားဖို့ အသင့် ဖြစ်နေမှာပါ။ ဒီရာသီမှာ မန်စီးတီးလို အသင်းမျိုးကို ကျော်ဖြတ်နိုင်ဖို့ ဘာလုပ်သွားရမလဲလို့ အာတီတာကို မေးလာတဲ့အခါ “(၁၁၄)မှတ် ရအောင် ယူရပါမယ်။ တကယ်လို့ ကျွန်တော်တို့ ဒီလိုသာ လုပ်နိုင်ခဲ့မယ်ဆိုရင် အမှတ်ပေး ချန်ပီယံဆုဖလားကိုလည်း သေချာပေါက် ရယူနိုင်မှာ။ ဒါက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါပဲ။ အဲ့ဒီကမှ ကျွန်တော်တို့ ဘာတွေ ရနိုင်မလဲဆိုတာ စောင့်ကြည့်သွားရမယ်။”

arteta arsenal permier league

Photo Credit: TEAMtalk

“အမှတ်ပေး ချန်ပီယံဖလားကြီးကို ရယူနိုင်မယ့် အခွင့်အရေးမျိုး ရှိဖို့အတွက်က ပြိုင်ဘက်အသင်းတွေထက် ကြီးမားတဲ့ အလားအလာတွေ ရှိနေရပါမယ်။ ကျွန်တော်တို့ အခက်အခဲတွေ ရှိနေတဲ့အခါမှာတောင် ကျွန်တော်တို့က ပြိုင်ဘက်အသင်းတွေထက် ပိုကောင်းနေရပါမယ်။ ဒါက ကျွန်တော်တို့ရဲ့ တကယ့် ရည်မှန်းချက်ပါပဲ။”လို့ ဖြေဆိုသွားခဲ့ပါတယ်။

Featured Photo: TinTheThao