ဘယ်သူမှ မပြည့်စုံကြပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင်ပဲ ကြိုးစားလို့ ရမှာပါ။ လူတစ်ယောက်အတွက် အမြင့်ဆုံးစံဆိုတာ သူ့ကိုယ်သူ အဖိုးတန်တဲ့ လူတစ်ယောက်အဖြစ် ပုံဖော်ဖို့ပဲ ဖြစ်ပါတယ်။ တစ်နှစ်ထက် တစ်နှစ် ပိုပိုပြီး တန်ဖိုးရှိတဲ့လူ တစ်ယောက် ဖြစ်လာဖို့ ဘယ်လို အချက်တွေ လုပ်ဖို့ လိုသလဲလို့ ပြောရင် ဒီအချက်တွေကို ညွှန်းချင်ပါတယ်။
(၁) ရည်မှန်းချက်ထား
Photo : Pexels
တန်ဖိုးရှိတဲ့လူ တစ်ယောက် ဖြစ်လာဖို့ ပထမဆုံးအဆင့်က ကိုယ်ဘာဖြစ်ချင်သလဲ သိအောင် လုပ်ဖို့ပါပဲ။ အခုမှ အလုပ်စဝင်တဲ့သူပဲ ဖြစ်ဖြစ် ကုမ္ပဏီတစ်ခုမှာ အမြင့်ဆုံး ရာထူးနဲ့ အလုပ်ဝင်နေသူပဲ ဖြစ်ဖြစ် အရေးမကြီးပါဘူး။ သင့်မှာ တစိုက်မတ်မတ် လျှောက်လှမ်းချင်တဲ့ အိပ်မက်တစ်ခု ရှိဖို့ပဲ လိုတာပါ။
(၂) အရှုံးမပေးနဲ့ ကြိုးစား
Photo : Pexels
ဘယ်လောက်ခက်ခဲ ခက်ခဲ လဲရာက ပြန်ထဖြစ်အောင် ကြိုးစားဖို့ သိပ်အရေးကြီးပါတယ်။ ဒီနေ့ခေတ်လို အခြေအနေအဘက်ဘက်က သင့်ကို အလဲထိုးဖို့ ကြိုးစားနေချိန်မှာ အနိုင်မခံချင်တဲ့စိတ် ရှိတာက မရှိမဖြစ် လိုအပ်တဲ့အရာပါ။ တန်ဖိုးရှိတဲ့လူ တစ်ယောက်ဆိုတာ သူလျှောက်တဲ့ လမ်းပေါ် သစ္စာရှိသူ ဖြစ်ပြီး ဘယ်လောက်ပဲ အခက်တွေ့တွေ့ အဖြေရှာပြီး ပြန်လာနိုင်တဲ့သူမျိုးပါပဲ။
(၃) ဆက်ဆံရေးကောင်းအောင်လုပ်
Photo : Pexels
လူတွေကြားမှာ နေသရွေ့တော့ လူတွေနဲ့ ဆက်သွယ်မှုအကြောင်း မကျင်လည်လို့ မဖြစ်ပါဘူး။ လူမှုဆက်ဆံရေးညံ့ဖျင်းသူမျိုးဟာ တန်ဖိုးထားခံရသူဖြစ်လာမှာ မဟုတ်သလို ကိုယ့်ရဲ့ အစွမ်းအစတွေတောင် မထင်မရှား မြှပ်သွားနိုင်ပါတယ်။
(၄) အမြဲမပြတ်လေ့လာနေ
Photo : Pexels
အသိဉာဏ်နဲ့ ကိုယ်ကျင့်တရားဟာ လူတစ်ယောက်ရဲ့ ဓါးနဲ့ ဒိုင်းပါပဲ။ ဒီနှစ်ခု မရှိရင် ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ၊ ဘယ်လောက်တောင် အာဏာရှိရှိ လူရာဝင်မှာ မဟုတ်ပါဘူး။ အဖိုးတန်တဲ့ လူဖြစ်ချင်သလား။ ဦးနှောက်ရော နှလုံးသားပါ အာဟာရတွေ ကျွေးပေးနေပါလို့ ပြောချင်ပါတယ်။
Featured Photo : realmenrealstyle