သေချာပါတယ် လူတစ်ယောက်နဲ့ တစ်ယောက် မုအွန် လုပ်နိုင်သွားတဲ့ အချိန်ကာလ ၊ မုအွန် လုပ်တဲ့ပုံစံချင်း မတူနိုင်ပါဘူး။ အခြားသူတွေအတွက် လူတစ်ယောက်ကို လက်လွှတ်ဖို့ ၊ မေ့ပစ်ဖို့ လွယ်ကူကောင်း လွယ်ကူနိုင်ပေမယ့် ကွီးတို့အတွက်တော့ ခက်နေနိုင်ပါတယ်။ ဒါနဲ့ပတ်သတ်ပြီးလည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့ မရပါဘူး။ ဘဝမှာ သိပ်ချစ်ရတဲ့ လူတစ်ယောက်ကို လွယ်လွယ်မေ့ပစ်နိုင်ဖို့ဆိုတာ အခက်ဆုံးပဲ မဟုတ်လား။ ဘယ်လောက်ပဲ ချစ်ပါတယ်ဆိုဆို ၊အခြေအနေ အကြောင်းကြောင်းကြောင့် လမ်းခွဲဖို့ ဖြစ်လာပြီဆိုရင်တော့ ဒါကို ကွီးတို့ ရင်ဆိုင်လက်ခံရမှာပါပဲ။ ဒီတစ်ခေါက်တော့ ရင်နင့်အောင် ချစ်ရပါတယ် ဆိုတဲ့သူနဲ့ လမ်းခွဲပြီးနောက်မှာ အချိန်တွေကြာလာတဲ့အထိ အဲ့ဒီလူကို မမေ့နိုင်သေးလို့ တိုင်ပတ်နေသူတွေ ၊ အတိတ်နွံထဲမှာ ကိုယ်တစ်ယောက်တည်း ဆက်ပြီးနစ်မြုပ် ကျန်နေခဲ့ပါတယ်ဆိုတဲ့ ကွီးတို့အတွက် မုအွန်ကောင်းကောင်း လုပ်နိုင်ဖို့ အကြံဉာဏ်ကောင်းအချို့ကို မျှဝေပေးချင်ပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယ် ကုစားဖို့ အချိန်ပေးပါ

Right Ways To Let Go Of Someone You Love

Photo : Possibility Change

အခြေအနေတစ်ခုကို ကောင်းကောင်းကြီး လက်ခံကျော်လွှား သွားနိုင်ဖို့ဆိုရင် လုံလောက်တဲ့ အချိန်တစ်ခု လိုကို လိုအပ်ပါတယ်။ အချိန်ယူပြီး ကိုယ့်ရဲ့ စိတ်ခံစားချက် ၊ စိတ်အတက်အကျတွေ အားလုံးကို သေချာလေး စီမံခန့်ခွဲ ထိန်းချုပ်နိုင်ပြီဆိုမှသာ မုအွန် လုပ်နိုင်မယ့် အဆင့်ကို ရောက်မှာပါ။ နာကျင်မှု ၊ ဒေါသ ၊ ဝမ်းနည်းမှုတွေ အားလုံးဟာ ယာယီမျှသာ ဖြစ်ပါတယ်။ အချိန်က ကွီးတို့ရဲ့ ဒဏ်ရာအားလုံးကို မကုစားနိုင်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ကုစားဖို့အတွက် အချိန်လုံလုံလောက်လောက် ပေးမယ်ဆိုရင်တော့ လူတစ်ယောက်ကို စွန့်လွှတ်နိုင်ဖို့ သေချာပေါက် လွယ်ကူသွားပါလိမ့်မယ်။

(၂) သင်ခန်းစာယူပါ

Right Ways To Let Go Of Someone You Love

Photo : The Good Men Project

လမ်းခွဲမှုတိုင်းဟာ ဘယ်တော့မှ လွယ်ကူနေမှာ မဟုတ်ပေမယ့် လမ်းခွဲမှုတိုင်းကနေ အကောင်းဆုံး အတွေ့အကြုံ ၊ သင်ခန်းစာတွေကိုတော့ ကွီးတို့ ရရှိနိုင်ပါတယ်။ ပြောရရင် ဘယ်နေရာမှာမှ ပိုက်ဆံနဲ့ပေးပြီး ဝယ်လို့မရတဲ့ ဘဝအတွက် သင်ခန်းစာကောင်းတွေကို ရလိုက်ခြင်း တစ်မျိုးပါပဲ။ အတွေ့အကြုံတွေ ၊ သင်ခန်းစာတွေကပဲ ကွီးတို့ကို ပိုပြီး ရင့်ကျက်သန်မာလာတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အတွေ့အကြုံကောင်း တစ်ခုအဖြစ် သင်ခန်းစာယူပြီး လိုအပ်ချက်တွေ ၊ အမှားတွေ စသည်ဖြင့် အားလုံးကို ပြုပြင်ရင်း အနာဂတ်မှာ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းတဲ့ ဗားရှင်းတစ်ခုဆီသို့ ပြောင်းလဲသွားရမှာ ဖြစ်ပါတယ်။

(၃) မိမိကိုယ်ကို ရှာဖွေပါ

Right Ways To Let Go Of Someone You Love

Photo : MomJunction

ကိုယ်ချစ်တဲ့ သူတစ်ယောက်ကို စိတ်နှလုံးအားလုံးထဲကနေ အကြွင်းမဲ့ စွန့်လွှတ်လိုက်တာက ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိဖို့အတွက် လမ်းကြောင်းပွင့်စေခြင်းပါပဲ။ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးတာ ၊ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ရှာဖွေတာတွေနဲ့အတူ ကိုယ့်အတွက်ကို ပိုမိုအာရုံစိုက်လာနိုင်မှာဖြစ်သလို ကိုယ့်ရဲ့ စစ်မှန်တဲ့ လိုအင်ဆန္ဒတွေ ၊ တန်ဖိုးထားမှုတွေကို ပိုမိုနားလည်သဘောပေါက်လာစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ လူတစ်ယောက်နဲ့ လမ်းခွဲလိုက်တာဟာ ဘဝတစ်ခုလုံး အဆုံးသတ်သွားတာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သိရှိနားလည်ပြီး ကိုယ်ယုံကြည်ရာ ၊ ကိုယ့်အနာဂတ်ကို အနှောင်အဖွဲ့ကင်းကင်းနဲ့ ဆက်လျှောက်နိုင်ဖို့ လမ်းကြောင်းတစ်ခုရဲ့ စမှတ်ဖြစ်နိုင်တယ်ဆိုတာကို သတိရသင့်ပါတယ်။

(၄) အဖြစ်မှန်ကို လက်ခံပါ

Right Ways To Let Go Of Someone You Love
Photo : Regain

လူတော်တော်များများ မုအွန် မလုပ်နိုင်ဘူးဆိုတာဟာ အမှန်တရားကို လက်ခံဖို့ ခက်ခဲနေတာကြောင့်ပါ။ လမ်းခွဲပြီးသည်တိုင်အောင် တစ်ကိုယ်ရည် တစ်ဖက်သက် မျှော်လင့်ချက်တွေနဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ တဝဲလည်လည်လုပ်နေသမျှ အချိန်ဘယ်လောက်ပဲကြာကြာ လုံးဝမေ့ပစ်နိုင်ဖို့ ၊ အပြီးတိုင် လက်လွှတ်သွားနိုင်ဖို့ ခက်ခဲနေဦးမှာပါ။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို လက်တွေ့ဆန်ဆန် လက်ခံပြီး ဘဝကို လက်တွေ့ကျကျပဲ ရှေ့ဆက်ဖို့ လိုအပ်ပါတယ်။

ကွီးတို့ရော သိပ်ချစ်ရတဲ့ ချစ်သူကို မုအွန် ကောင်းကောင်း လုပ်နိုင်ခဲ့ပြီလား ???

အခုချိန်အထိ မကျွတ်လွှတ်သေးတဲ့ ကျိန်စာသင့် နှလုံးသားပိုင်ရှင် ဘော်ဒါကြီးတွေ ရှိရင် ဒီပို့စ်အောက်မှာ မန့်ရှင်းခေါ်လိုက်ပါဦး။

Source : MomJunction

Featured Photo : 2 Halves Of A Soul