အေစီမီလန်အသင်းရဲ့ ဒီနွေဈေးကွက်အတွင်း ကစားသမား အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေက တကယ်ကို အထာကျတယ်လို့ ပြောရပါတော့မယ်။ ဘာကြောင့်လဲဆိုတော့ အသင်းအတွက် ကစားသမားသစ် (၇)ဦးအထိ ခေါ်ယူထားပြီးချိန်မှာတောင် သူတို့ရဲ့ အသင်း နွေအသုံးစရိတ်က ယူရို (၂၅)သန်းသာ ရှိနေသေးလို့ပါပဲ။ ဒါက ဘာကြောင့်များလဲ? ဘာကြောင့်လဲဆိုတာကို ဆက်လက် ဖော်ပြပေးသွားပါမယ်။
Photo Credit : SPORTbible
တကယ်တော့ အေစီမီလန်က အသင်းအတွက် ကစားသမား ခေါ်ယူမှုတွေ မပြုလုပ်ခင်မှာ သူတို့ရဲ့ ကြယ်ပွင့် ကစားသမားဖြစ်သူ ဆန်ဒရို တိုနာလီကို နယူးကာဆယ်အသင်းဆီ ယူရို (၆၄)သန်းနဲ့ ရောင်းချခဲ့တာကြောင့် အခုလို ကစားသမားသစ် ပြန်ခေါ်ယူမှုတွေမှာ ကစားသမား အရေအတွက် များများ ခေါ်ယူထားတာတောင် အခုချိန်ထိ ယူရို (၂၅)သန်းသာ ရှိနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မီလန်က ကစားသမား ခေါ်ယူမှုမှာလည်း ပြောင်းရွှေ့ကြေးကို ယူရို သန်း (၂၀)အထိ ပိုပေးထားရခြင်း မရှိပဲ ဈေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။
Photo Credit : Squawka
မီလန်က တိုနာလီကို ရောင်းချပြီး ချယ်လ်ဆီးက ကွင်းလယ်လူ လော့တပ်ချိဖ်ကို ယူရို (၁၆)သန်း နဲ့ ခေါ်ယူတယ်။ ချယ်လ်ဆီးကပဲ တောင်ပံ ကစားသမား ပူလီဆစ်ကို ယူရို သန်း (၂၀) ၊ အယ်လ်ခမာ ကွင်းလယ်လူ ရိုင်ဒါစ်ကို ယူရို (၁၉)သန်း ၊ ဆာလ်ဇ်ဘာ့ဂ် တိုက်စစ်မှူး အိုကာဖော်ကို ယူရို (၁၄)သန်း ၊ ဗီလာရီးယဲလ်က တောင်ပံ ကစားသမား ချူကွာဇီကို ယူရို သန်း(၂၀)တို့နဲ့ ခေါ်ယူခဲ့တယ်။ လူကာ ရိုမဲရိုး နဲ့ စပေါ်တယ်လိုတို့ကိုတော့ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပါတယ်။
Photo Credit : Semper Milan
မီလန်ရဲ့ ကစားသမားသစ် ခေါ်ယူမှုတွေက လုံးဝ အဆုံးသတ်သွားခြင်း မရှိပဲ အခုလည်း ဗလင်စီယာက အမေရိကန် ကွင်းလယ် ကစားသမားလေး မူဆာကိုပါ ထပ်မံ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါက အရမ်းကို အားရစရာကောင်းတဲ့ အားဖြည့်တင်းမှုလို့ ဆိုနိုင်ပေမယ့် ဒီလို ကစားသမား အမြောက်အများ ခေါ်ယူမှုက အသင်းအပေါ် တကယ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ဖြစ်စေပါ့မလား ဆိုးရွားသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်သွားရပါမယ်။