ခေါင်းစဉ်က 3 in 1 ကို မြင်လိုက်တာနဲ့ ဘောလုံးအသင်း တစ်သင်းကို အရင်ဆုံး သွားပြေးမြင်မိမှာတော့ သေချာပါတယ်။ အဲ့ဒီအသင်းကလည်း (၂)ပွဲဆက်တိုက် (3-1) (1-3) ဆိုတဲ့ ရလဒ်မျိုးတွေနဲ့ ကြုံတွေ့နေရပြီး ရာသီသစ်ရဲ့ အဖွင့်(၅)ပွဲမှာတင် (၃)ပွဲအထိတောင် ရှုံးနိမ့်ထားရပါတယ်။ ဒီလောက်ဆိုရင် ဘယ်အသင်းကို ပြောနေလဲဆိုတာ ကွီးတို့ သိလိုက်ပြီ ထင်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ပါ။
Photo Credit : Goal
မန်ယူနိုက်တက်က ပြီးခဲ့တဲ့ရာသီတုန်းက ပါဝင်ခဲ့ကြတဲ့ အဓိက ကစားသမားတွေထဲကမှ ဂိုးသမား ဒဟေးယားတစ်ဦးသာ လက်လွတ်လိုက်ရတယ်လို့ ယူဆနိုင်ပြီး အိုနာနာ မေဆန်မောင့် ဟွိုင်လန်း အမ်မရာဘတ် ရယ်ဂီလွန် ဘယင်ဒါ နဲ့ ကစားသမားဟောင်း အီဗန်စ်တို့ကို ပြန်လည် ဖြည့်တင်းထားခဲ့တယ်။ ဒီလို အားဖြည့်မှုတွေ လုပ်ထားပေမယ့်လည်း သူတို့ အားကိုးတကြီး ခေါ်ယူထားတဲ့ ကစားသမားတွေထဲမှာ တစ်ဦးတစ်လေမှ အသင်းအတွက် ကောင်းမွန်တဲ့ impact တွေ မပြုလုပ်နိုင်သေးသလို အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေထဲကပါ ဆန်ချို အန်တိုနီတို့ဟာလည်း ပြသာနာပေါင်းစုံ ဖြစ်နေပြန်ပါတယ်။
Photo Credit : Sky Sports
တကယ်တော့ အိုနာနာ နဲ့ အမ်မရာဘတ်တို့က တန်ဟက်ဂ် တပည့်ဟောင်းတွေ ဖြစ်သလို ဟွိုင်လန်း နဲ့ မေဆန်မောင့်ကလည်း တန်ဟက်ဂ် ကိုယ်တိုင် ခေါ်ယူချင်ခဲ့တဲ့ ကစားသမားတွေပါ။ ဒီလို ကစားသမားတွေ ရောက်လာခဲ့ပေမယ့်လည်း ယူနိုက်တက်ပါ အရင်ရာသီကထက် ပိုဆိုးသွားခဲ့ပါတယ်။ ဟွိုင်လန်း နဲ့ အမ်မရာဘတ်တို့ဆို အသင်းကို စရောက်လာကတည်းက အသင်းနဲ့ ပွဲထွက်နိုင်ခြင်း မရှိပဲ ဒဏ်ရာတွေနဲ့သာ လုံးပန်းထားရသလို အိုနာနာဆိုရင်လည်း ဖုန်းတစ်ဂိုးရှင်လို့ နာမည်ပြောင် ရနေတဲ့အထိ ဂိုးတွေ ဆက်တိုက် ခွင့်ပြုထားရပါတယ်။
Photo Credit : Twitter
ဒီရာသီ ပရီးမီးယားလိဂ် အဖွင့် (၅)ပွဲမှာ စပါး အာဆင်နယ် နဲ့ ဘရိုက်တန်တို့ကို အရှုံးပေးထားရပြီး ဝုလ်ဗ် နဲ့ နော်တင်ဟမ်တို့ကိုလည်း အသေအလဲ ကစားထားကာ အနိုင်ရယူထားချိန် မကြာခင်မှာပဲ ချန်ပီယံလိဂ် အဖွင့်ပွဲအဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရပါဦးမယ်။ ဒီပွဲမှာလည်း ဘယ်လိုအခြေအနေတွေအထိ ဆိုးဆိုးရွှားရွှား ကြုံတွေ့ရဦးမလဲဆိုတာ ကြည့်ရပါဦးမယ်။ ဒီအခြေအနေကိုသာ မပြောင်းလဲနိုင်ဘူးဆိုရင် တန်ဟက်ဂ်ရဲ့ အနာဂတ်ဟာလည်း စိုးရိမ်စရာ ဖြစ်လာနိုင်တယ်လို့ ထင်မိပါတယ်။
Featured Photo : Goal