စိတ်ဖိစီးမှုဟာ ဒီနေ့ခေတ်မှာ အရေးတကြီးဖြေရှင်းရမယ့် ကျန်းမာရေးပြဿနာတစ်ခု ဖြစ်လာနေပါပြီ။ လူတိုင်းဟာ သောကတွေနဲ့ ဖိစီးနေကြပြီး သောကနဲ့ စိတ်ဖိစီးမှု သက်သာဖို့ နည်းအမျိုးမျိုးနဲ့ ဖြေရှင်းနေကြပါတယ်။ အားကစားနဲ့ စိတ်ဖိစီးမှု ကိုင်တွယ်ခြင်းဟာ မှန်ကန်ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်တာကြောင့် အားကစားလုပ်ရင်း Stress ဖြေလျှော့တဲ့နည်းတချို့ မျှဝေပေးချင်ပါတယ်။
အရင်ဆုံး တစ်ခုပြောချင်တာက ဒီလေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုရင် Dumbbell ၊ Kettlebell နဲ့ ပေါင် ၂၀ နဲ့ ၃၀ အကြားလေးတဲ့ ရာဘာဝိတ်ဘော Slam Ball တွေတော့ လိုပါတယ်။ လုပ်ရမယ့် အားကစားနည်းလမ်းတွေကတော့ –
(၁) Dumbbell Lunge

Photo: menshealth
Dumbbell Lunge ကစားနည်းက တစ်ကျော့ကို ၁ မိနစ်နှုန်းနဲ့ ခြေထောက်တစ်ဖက်ကို ၃ ကြိမ်စီ လုပ်ပေးရမှာပါ။ အရင်ဆုံး လက်တစ်ဖက်စီမှာ Dumbbell တုံးတစ်ခုစီ ကိုင်ထားပြီး မတ်မတ်ရပ်နေရတာပါ။ ပြီးရင်တော့ ညာခြေရှေ့တက်ပြီး ဘယ်ဘက်ဒူးကို ကြမ်းပြင်နဲ့ ထိလုနီးပါး ကွေးညွတ်တဲ့ ပုံစံကို ထိန်းထားရမှာပါ။ ဘယ်ဖိနောင့်ကို အားပြုပြီး မူလရပ်နေတဲ့ပုံစံကို ပြန်ရောက်အောင် သွားရမှာပါ။ ပြီးရင် ဘယ်ခြေထောက်ကိုလည်း ဒီအတိုင်း လေ့ကျင့်ရမှာပါ။
(၂) Goblet Squat

Photo: menshealth
ခြေထောက်ကို ပုခုံးအကျယ်နည်းနည်း ပိုခွဲထားပြီး ရပ်နေရမှာပါ။ လက်နှစ်ဖက်က Kettlebell တစ်လုံးကို ကိုင်ထားပြီး ရင်ဘတ်နားမှာ ထားရမှာပါ။ Squat ပုံစံထိုင်ချိန်မှာ Kettlebell ကို ရင်ဘတ်နားမှာပဲ ထားပြီး ထိုင်ထလုပ်ရမှာပါ။ ဒီပုံစံအတိုင်း ၄၅ စက္ကန့်ကစား ၊ ၁၅ စက္ကန့်နားပုံစံနဲ့ ၄ ကျော့ကစားရမယ့်နည်း ဖြစ်ပါတယ်။
(၃) Ball Slams

Photo: menshealth
ခြေခွဲရပ်ထားပြီး ရာဘာ Weighted Ball ကို လက်ထဲမှာ ကိုင် ၊ ခေါင်းပေါ်ကျော် မြှောက်လိုက် Squad လိုမျိုး ထိုင်ပြီး ကြမ်းပြင်ပေါ် ဘောလုံး ပစ်ချလိုက် ဖမ်းလိုက် လုပ်ရမှာပါ။ ဒူးနဲ့ ခါး/ကျောရိုးတွေကို သေချာထိန်းကစားရမှာပါ။ ပြီးရင် မြောက်တက်လာတဲ့ ရာဘာဘောလုံးကို ဖမ်း ၊ ပြန်မတ်ပြီး ခေါင်းပေါ်ကျော် ကြမ်းပေါ် ပစ်ရမှာ ဖြစ်ပါတယ်။ ဒါကိုလည်း ၄၅ စက္ကန့်ကစား ၊ ၁၅ စက္ကန့်နားပုံစံနဲ့ ၄ ကျော့ကစားပေးရမှာပါ။
