ယောင်္ကျားတစ်ယောက် တတ်မြောက်ထားသင့်တဲ့ ပညာတွေ အများကြီး ရှိပါတယ်။ တချို့ပညာတွေက ဦးနှောက်ကို ဖွံ့ဖြိုးအားကောင်းပြီး အသိအမြင်ကျယ်ပြောစေပါတယ်။ တချို့ပညာတွေက လူမှုဆက်ဆံရေးနဲ့ အသက်မွေးမှုအတွက် အသုံးတည့်ပါတယ်။

တချို့ပညာတွေကတော့ အသက်မွေးမှုနဲ့ မဆိုင်ပေမယ့် ယောင်္ကျားတစ်ယောက်ကို ပိုပြီးတောက်ပပြည့်စုံစေအောင် အထောက်အပံ့ပေးပါတယ်။ Martial Art လို့ခေါ်တဲ့ ကိုယ်ခံပညာတတ်ခြင်းကလည်း ယောင်္ကျားတစ်ယောက်ကို ပိုထူးခြားသွားစေနိုင်စွမ်းပေးပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ်

Photo: evolve-mma

Martial Art တတ်ထားသူတစ်ဦးဟာ ကျရောက်လာမယ့် ဘေးတွေကနေ ကိုယ့်ကိုယ်ကိုယ်ရော ကိုယ်ချစ်သူတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒီနေ့ခေတ်ဟာ အရိုင်းကမ္ဘာမဟုတ်ပေမယ့် လိုအပ်လို့ ဖိုက်ရမယ်ဆိုရင်လည်း သတ္တိပြနိုင်တဲ့ အစွမ်းတော့ ရှိထားဖို့ လိုပါတယ်။ ဘာပဲဖြစ်ဖြစ် အရေးကြုံရင် သက်လုံကောင်းဖို့တော့ လိုတာပဲမလား။

(၂) ယုံကြည်မှု ပိုရှိလာမယ်

Photo: AsiaOne

တော်ရုံသွေးနည်းတဲ့သူတွေတောင် ကိုယ်ခံပညာတတ်ထားမယ်ဆိုရင် သွေးရဲလာတာပါပဲ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိထားသူဟာ ကိုးစားယုံကြည်မှုလည်း မြင့်လာတာ သဘာဝကျပါတယ်။ ဒီယုံကြည်မှုမျိုးဟာ အဝတ်အစားသစ် ဝတ်လို့ ၊ ပစ္စည်းအသစ်အဆန်းလေး သုံးနိုင်လို့ Confidence တက်သလိုမျိုး ပေါပေါပဲပဲ မဟုတ်ပါဘူး။

(၃) ဇွဲသန်လာမယ်

Photo: evolve-mma

အားကစားလေ့ကျင့်တယ်ဆိုတာ စိတ်ရှည်ရသလို ပြင်းထန်တဲ့လုံ့လထုတ်ပြီး အားစိုက်ရပါတယ်။ Fight-Level အဆင့် ဘော်ဒီတစ်ခုရဖို့ စည်းကမ်းနဲ့အညီ အားကစားတွေ လုပ်ရသလို ခံနိုင်ရည်ကိုလည်း မြှင့်ပြီးရင်း မြှင့်ထားရပါတယ်။ ပင်ပန်းဆင်းရဲမှုတွေ ဖြတ်သန်းလာရင်းနဲ့ စိတ်ဇွဲသန်လာပါလိမ့်မယ်။

(၄) ဖျတ်လတ်သန်စွမ်းလာမယ်

Photo: punditarena

Martial Art ကစားနည်းဟာ လမ်းလျှောက်လေ့ကျင့်ခန်း မဟုတ်ပါဘူး။ အားနဲ့မာန်နဲ့ နာရီပေါင်းများစွာ စခန်းသွင်းလေ့ကျင့်ရပါတယ်။ ကိုယ့်ခံနိုင်ရည်ကို အမြဲစိန်ခေါ်နေတာ ဖြစ်ပါတယ်။ Martial Art သင်ရင်းနဲ့ လူဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီးပေါ့ပါး ဖျတ်လတ်လာမယ်။ အမြဲလှုပ်ရှားနေရတော့ ကျန်းမာပါတယ်။