လေ့ကျင့်ခန်းလုပ်တာက စိတ်ရော ခန္ဓာကိုယ်အတွက်ပါကောင်းတဲ့ အကျိုးကျေးဇူးတွေရှိစေတယ်ဆိုတာ ငြင်းဆိုနိုင်ဖွယ်ရာမရှိပါဘူး။ ဒါ့ထက်ပိုပြီး မနက်စောစောမှာ လေ့ကျင့်ခန်းလုပ်ခြင်းက သင့်အတွက်ပိုကောင်းတဲ့ အကျိုးကျေးဇူးတွေရှိစေတယ်ဆိုတာရော သိပြီးပြီလား။ အကယ် ၍ မသိသေးဘူးဆိုရင် ဆောင်းပါးလေးကို အဆုံးထိဖတ်ကြည့်စေချင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ သိပ္ပံနည်းကျလေ့လာတွေ့ရှိမှုများအရ လူတစ်ယောက်မနက်ခင်းလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးသွားမှာပါ။

(၁) တနေ့တာလုံး ပိုမိုတက်ကြွစေတယ်

Source : Freepik

မနက်ခင်းကို လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ အစပြုမယ်ဆိုရင် သင့်ကိုစွမ်းအင်ပိုမိုရရှိစေပြီး ကျန်ရှိနေတဲ့ တစ်နေ့တာ အချိန်တွေကို ပိုမိုတက်ကြွလန်းဆန်းစွာ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ Bringham Young တက္ကသိုလ်မှ သုတေသီများရဲ့ လေ့လာမှုရလဒ်တွေအရလည်း မနက်ခင်းလေ့ကျင့်ခန်းပုံမှန်လုပ်သူတွေဟာ လေ့ကျင့်ခန်းမလုပ်သူတွေထက် ပိုမိုတက်ကြွလန်းဆန်းကြပြီး လုပ်ငန်းခွင်အောင်မြင်မှုများ ပိုရရှိကြတယ်လို့ဆိုပါတယ်။

(၂) အဆီများများ လောင်ကျွမ်းစေတယ်

Source : Runtastic

လေ့ကျင့်ခန်းလုပ်တာက အဆီပိုနဲ့ ကယ်လိုရီတွေကိုလောင်ကျွမ်းစေတယ်ဆိုတာ အားလုံးသိထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် မနက်ခင်းလေ့ကျင့်ခန်းလုပ်တာက အဆီလောင်ကျွမ်းမှုနှုန်းကို ပိုမိုအားကောင်းစေပြီး အဆီများများပိုလောင်ကျွမ်းစေနိုင်ပါတယ်။ သင်ဟာ ဝိတ်ချနေသူတစ်ယောက်ဆိုရင်တော့ မနက်စာ မစားခင်အချိန်မှာ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် အချိန်တိုအတွင်း ဝိတ်ကျလာစေမှာပါ။

(၃) သဘာဝအတိုင်း အသားအရေကောင်းစေတယ်

Source : MapMyRun Blog

နုပျိုလန်းဆန်းတဲ့ အသားအရေပိုင်ရှင်အများစုဟာ မနက်ခင်းမှာလေ့ကျင့်ခန်းအမြဲလုပ်လေ့ရှိတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ မနက်ခင်းနေရောင်ခြည်ဟာ အသားအရေကျန်းမာရေးကို သဘာဝအတိုင်းကောင်းမွန်အောင်ကူညီပေးပြီး အသားအရေကြည်လင်ခြင်း ချွေးပေါက်တွေပွင့်စေခြင်းစတဲ့ ကောင်းကျိုးတွေရှိစေတာကြောင့် သင့်ရဲ့ရုပ်ရည်ကို အချိန်ကြာကြာနုပျိုနေစေမှာပဲဖြစ်ပါတယ်။

(၄) ညဘက်ပိုအိပ်ကောင်းစေတယ်

Source : Departures

မနက်ပိုင်းလေ့ကျင့်ခန်းလုပ်တာဟာ သင့်ရဲ့အိပ်စက်မှုအရည်အသွေးကိုတိုးတက်စေပြီး ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာပဲဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ အိပ်ချိန်တွေပြောင်းလဲပြီး ညဘက်ကောင်းစွာအိပ်မပျော်ဘူး ညဉ့်နက်တဲ့အထိ အိပ်လို့မရဘူးဆိုသူတွေအနေနဲ့ မနက်ခင်းမှာ နာရီဝက်လောက်အချိန်ပေးပြီး လေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။

(၅) စိတ်ဖိစီးမှုနည်းစေတယ်

Source : Human Window

တစ်နေ့တာမှာ ကြိုတင်မသိနိုင်တဲ့ စိတ်ဖိစီးစရာအကြောင်းအရာတွေဆိုတာ ကြုံလာနိုင်တဲ့အရာပဲမဟုတ်လား။ မနက်ခင်းလေ့ကျင့်ခန်း ပုံမှန်လုပ်တာက တစ်နေ့တာကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်ပြီး တစ်နေ့တာကို စိတ်ရှုပ်ထွေးမှုနှင့်စိုးရိမ်ပူပန်မှု အနည်းဆုံး ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မနက်ခင်းလေ့ကျင့်ခန်းလုပ်တာက စိတ်ခံစားမှုကိုမြင့်စေပြီး တွေးခေါ်ဖန်တီးနိုင်စွမ်းတိုးတက်စေပါတယ်။