လူ့ကိုယ်ခန္ဓာဟာ ရေဓါတ် ၆၀% နဲ့ ဖွဲ့စည်းထားတာပါ။ ရေကို လုံလောက်အောင် သောက်သုံးပေးခြင်းအားဖြင့် အသားအရေ စိုပြေဝင်းလက်ပြီး ၊ ကိုယ်အလေးချိန်ကျန်းမာမှန်ကန်စေသလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း စွန့်ထုတ်ပေးနိုင်မှာပါ။ ရေဓါတ်မလုံလောက်ခြင်းဟာ စိတ်ခံစားချက်နဲ့ လေ့လာနိုင်စွမ်းပေါ်ပါ ထိခိုက်မှု ရှိပါတယ်။ ကျွန်တော်တို့ အများစု ဂရုမပြုမိဘဲ လုပ်တတ်တဲ့အလေ့တချို့ကြောင့် ရေဓါတ်ခမ်းခြောက်တတ်ပါတယ်။ ဘယ်လို အလေ့အထအမှားတွေလဲ ကြည့်လိုက်ရအောင်ပါ။
(၁) Workouts လုပ်ပြီးနောက် ရေသောက်ခြင်း

Photo: Freepik
Gym ကစားပြီးနောက် ရေသောက်တာဟာ ရေဓါတ်ဖြည့်တင်းပေးတယ်ဆိုတာ မှန်ပါတယ်။ တစ်ခုသိထားရမှာက အားကစားမလုပ်ခင်နဲ့ လုပ်နေစဉ်အတွင်းမှာလည်း ရေလုံလောက်အောင် သောက်သုံးပေးဖို့ အရေးကြီးပါတယ်။ ရေဓါတ်ခမ်းခြောက်လုမတတ် ဖြစ်နေချိန် အားကစားလုပ်တာဟာ လေ့ကျင့်ခန်းလုပ်နေချိန်အတွင်း အရည်ဓါတ်ပိုခမ်းခြောက်နိုင်စေပါတယ်။
ရေဓါတ်ခမ်းနေချိန်အားကစားလုပ်ခြင်းဟာ စိတ်ပိုင်းရော ရုပ်ပိုင်းပါ ထိခိုက်စေနိုင်ပါတယ်။ တကယ်တော့ အရည်ဓါတ်ဟန်ချက်ထိန်းညှိနိုင်ဖို့ ရေပဲသောက်ရမယ်လို့တော့ မဟုတ်ပါဘူး။ အုန်းရည် ၊ Black/Green Tea နဲ့ ချောကလက်နို့ဖျော်ရည်တစ်ခွက်ကလည်း ရေသောက်သလိုမျိုး ရေဓါတ်ပေးနိုင်ပါတယ်။
(၂) ကော်ဖီ ၊ လက်ဖက်ရည်ကို ရေဓါတ်ဖြည့်နိုင်မယ့်စာရင်းထဲ ထည့်မတွက်ခြင်း

Photo: brightside.me
အပေါ်မှာ ပြောခဲ့သလိုပါပဲ။ ကော်ဖီနဲ့ လက်ဖက်ရည်တို့ဟာလည်း ရေဓါတ်အနည်းငယ်ပေးနိုင်မယ့် အဖျော်သောက်စရာအနေနဲ့ သောက်သုံးနိုင်ပါတယ်။ ဒါပေမဲ့လည်း သိပ်များများ သောက်လို့ မကောင်းပါဘူး။ တစ်ရက်ကို ကော်ဖီ ၃ ခွက်ခွဲလောက်အထိပဲ ရေသောက်သလို ရေဓါတ်ထိန်းပေးနိုင်မယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။
(၃) ဆားအစားနည်းလွန်းခြင်း

Photo: brightside.me
ဆိုဒီယမ်မြင့်တဲ့ အစားအသောက်တွေက ခန္ဓာကိုယ်ကို ရေဓါတ်ခမ်းခြောက်စေနိုင်ပေမယ့် တစ်ဖက်မှာလည်း ဆိုဒီယမ်ဟာ ကိုယ်ခန္ဓာကို အရည်ဟန်ချက်ထိန်းညှိအောင် ပံ့ပိုးပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့် ချွေးကနေတစ်ဆင့် ဆိုဒီယံတွေ ဆုံးရှုံးလေ့ရှိတာကြောင့် ရေနဲ့ ဆိုဒီယံတွေ စားသုံးပြီး ရေဓါတ်ပြန်ထိန်းရပါတယ်။
(၄) တစ်ရက်ရေ ၈ ဖန်ခွက် သောက်ခြင်း

Photo: brightside.me
ရေဓါတ်လုံလောက်ဖို့ တစ်ရက်ကို ရေ ၈ ဖန်ခွက်သောက်ရုံနဲ့ လုံလောက်တယ်လို့ ပြောလို့မရပါဘူး။ တကယ်က ရေလိုအပ်ချက်ဟာ လူတစ်ယောက်ချင်းစီရဲ့ လှုပ်ရှားစားသောက်မှုပုံစံနဲ့ နေထိုင်ရာအရပ်ဒေသတွေပေါ် မူတည်ပြီး ကွဲပြားပါတယ်။ အလွယ်အားဖြင့် နေ့စဉ် ရေဘယ်နှစ်လီတာ သောက်ပေးဖို့ လိုသလို တွက်ချက်ဖို့ဆိုရင် ကိုယ်အလေးချိန် (ကီလိုဂရမ်) ကို ၀.၀၃၃ နဲ့ မြောက်ပေးရမှာပါ။
(၅) နိုးနိုးချင်း ရေတစ်ခွက်သောက်ခြင်း

Photo: brightside.me
ညဘက် အိပ်ရာမဝင်ခင် ရေသောက်ထားရင်တောင် အိပ်နေချိန်မှာ ခန္ဓာကိုယ်ဟာ အရည်ဓါတ်တွေ ဆုံးရှုံးကြပါတယ်။ ဒါကြောင့်ပဲ မနက်အိပ်ရာထချိန်မှာ ရေငတ်တယ်လို့ ခံစားရတာပါ။ အိပ်ရာက နိုးလာတာနဲ့ ဘာအစာမှ မစားရသေးခင် ရေသောက်ခြင်းဟာ ရေဓါတ်ဖြည့်တင်းဖို့ အကောင်းဆုံး နည်းလမ်းတော့ မဟုတ်ပါဘူး။
ဗိုက်ထဲ အစာမရှိသေးခင် ခန္ဓာကိုယ်ဟာ အာဟာရဓါတ်တွေနဲ့ ရေဓါတ်တွေကို စုပ်ယူထိန်းသိမ်းဖို့ ပိုပြီး လွယ်ကူပါတယ်။ ဒါကြောင့် ကိုယ်ထဲမှာ အရည်ဓါတ်နဲ့ အာဟာရတွေ ပြည့်စေဖို့ လိမ္မော်ရည်တစ်ဖန်ခွက် ဒါမှမဟုတ် နို့တစ်ဖန်ခွက်သောက်သင့်ပါတယ်။ နောက်တစ်ခုက တစ်နေ့တာ စားသုံးမှုမှာ ရေဓါတ်ပြည့်ဝတဲ့ အသီးအနှံတွေလည်း ပါဖို့ မမေ့သင့်ပါဘူး။
