ကြွက်သားများ တောင့်တင်းပြီး ကြည့်ကောင်းတဲ့ခန္ဓာကိုယ် ပိုင်ဆိုင်ဖို့ရန်အတွက် ဘယ်လိုအချက်များကို သိထားသင့်သလဲ။ လေ့ကျင့်ခန်းပြုလုပ်စဉ်မှာ ဘယ်လိုရှောင်ရန်ဆောင်ရန်အချက်များကို ပြုလုပ်ရမလဲဆိုတာ ဒီဆောင်းပါးကနေတဆင့် ဝေမျှပေးလိုက်ရပါတယ်။
ပန်းတိုင်တစ်ခု ချမှတ်ထားပါ

ကိုယ်က ဘယ်လိုခန္ဓာကိုယ်အချိုးအစားမျိုးကို လိုချင်တာလဲ။ ဘယ်နှလအတွင်းမှာ ဝိတ်ဘယ်လောက် ကျချင်တာလဲ။ ဘယ်နှလအတွင်းမှာ ကြွက်သား ဘယ်လောက်တက်ချင်တာလဲ စတာတွေကို လေ့ကျင့်ခန်းစလုပ်မယ်ဆိုကတည်းက အစီအစဉ်ချထား၊ ပန်းတိုင်ချမှတ်ထားသင့်ပါတယ်။
သွေးပူလေ့ကျင့်ခန်း မမေ့ပါနဲ့

လေ့ကျင့်ခန်း စလုပ်တော့မယ်ဆိုတာနဲ့ သွေးပူလေ့ကျင့်ခန်းက မဖြစ်မနေစရမှာဖြစ်ပါတယ်။ ဒါမှ လေ့ကျင့်ခန်း ပြုလုပ်နေစဉ်အတွင်း ပြုလုပ်ရတာ ပိုမိုထိရောက်မှုရှိမှာဖြစ်ပါတယ်။
ရေသန့်ဘူး မမေ့ပါနဲ့

Gym မှာ Workout သွားလုပ်ရင်ပဲဖြစ်ဖြစ်၊ မိမိအိမ်မှာပဲ ဆော့ကစားရင်ပဲဖြစ်ဖြစ် လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်း မကြာခဏ ရေသောက်ပေးဖို့လိုအပ်ပါတယ်။ ရေသောက်တဲ့အခါမှာလည်း တစ်ခါသောက်ရင် အများကြီးသောက်တာမျိုးမဟုတ်ဘဲ အာဆွတ်ရုံသာ သောက်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းအားလုံး ပြုလုပ်ပြီးမှ ရေကို တစ်ကျိုက်တည်းမော့သောက်ပစ်တာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
မလိုအပ်ဘဲ အလေးတုံးတွေ မ, မပါနဲ့

ထရိန်နာနဲ့ လေ့ကျင့်ပါက ထရိန်နာကို သေချာမေးမြန်းကာ အလေးတုံးကို မသင့် မ,မသင့် ဆုံးဖြတ်သင့်ပါတယ်။ အလေးတုံးလေ့ကျင့်ခန်းများကို စလုပ်တော့မယ်ဆိုရင်လည်း စစချင်းမှာ အပေါ့ဆုံးအလေးတုံးကနေ စမရမှာဖြစ်ပါတယ်။ ရက်တဖြည်းဖြည်းကြာလာမှ အလေးတုံးရဲ့အလေးချိန်ကို တိုးပေးလိုက်ပါ။
ကြွက်သားအမျိုးအစားတစ်ခုတည်းကိုပဲ ဖိမလုပ်ပါနဲ့

ဆိုကြပါစို့ သင်က လက်မောင်းကြွက်သားတွေ တောင့်တင်းချင်တဲ့သူတစ်ယောက်ဆိုရင် လက်မောင်းကြွက်သား လေ့ကျင့်ခန်းများကိုပဲ နေ့စဉ်နေ့တိုင်း ပြုလုပ်နေရမယ်လို့မဆိုလိုပါဘူး။ တစ်ပတ်မှာ တစ်ရက်ပဲ ဆော့ကစားပေးပါ။ ကျန်တဲ့ရက်တွေကို ပေါင်ကြွက်သား၊ ဝမ်းဗိုက်ကြွက်သား၊ ပုခုံးကြွက်သားတွေအတွက် အလှည့်ကျဆော့ကစားပေးဖို့လိုအပ်ပါတယ်။ သင့်ရဲ့ကြွက်သားတွေသည်လည်း လေ့ကျင့်ခန်းများရဲ့ပင်ပန်းမှုဒဏ်ကြောင့် အနားယူရဦးမယ်မဟုတ်လား။
Source: Mensjournal.com
Featured Image Source: Betterhumans.pub
