ခေတ်သစ် ကိုယ်ခံပညာနဲ့ တိုက်ခိုက်ရေးစတိုင်တွေ အများစုဟာ ဂျပန်ရိုးရာသိုင်းပညာတွေကနေ လာတယ်လို့ ယူဆကြပါတယ်။ တရုတ်မှာ ကွန်ဖူးနာမည်ကြီးသလိုပဲ ဂျပန် Martial Arts တွေထဲမှာလည်း ကမ္ဘာ့ Martial Arts စတိုင်တွေနဲ့ အက်ရှင်ရုပ်ရှင်တွေကို လွှမ်းမိုးလာတဲ့ တိုက်ခိုက်ရေးစတိုင်တွေ အများကြီးရှိပါတယ်။
အဓိကအုပ်စုအနေနဲ့ ဂျပန် Martial Arts စတိုင်တွေကို ယေဘုယျပုံစံ လေးမျိုးခွဲထားပါတယ်။ အဲ့ဒါတွေကတော့ Aikido အိုက်ကီဒို ၊ Iaido အီအိုင်ဒို ၊ Judo ဂျူဒို နဲ့ Karate ကရာတေးတို့ပါပဲ။
(၁) Aikido

Photo: aikidomackay
အိုက်ကီဒိုရဲ့ သမိုင်းကြောင်းဟာ ၁၉၂၀ ပြည့်လွန်နှစ်နဲ့ ၁၉၃၀ တစ်ဝိုက်က စပြီး ပေါ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အိုက်ကီဒိုကို Morihei Ueshiba ဆိုတဲ့ မာစတာက စပြီး တည်ထောင်ခဲ့တာပါ။ သိုင်းပေါင်းစုံကို သင်ယူခဲ့တဲ့ ဒီဆရာကြီး အူအီရှီဘဟာ သဘာထဲမှာ ငြိမ်းချမ်းမှုပါတဲ့ တိုက်ခိုက်ရေးစတိုင်တစ်မျိုးအဖြစ် အိုက်ကီဒိုကို ဖော်ထုတ်ခဲ့တာပါ။ ဒီနေ့ခေတ်မှာ တိုက်ခိုက်ရေးသုံး ကိုယ်ခံပညာအဖြစ် တွင်ကျယ်နေတဲ့ အိုက်ကီဒိုဟာ တစ်ဖက်လူရဲ့ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုအတိုင်း တန်ပြန်တိုက်ခိုက်တာ ဖြစ်ပါတယ်။
အိုက်ကီဒိုစတိုင်နဲ့ပတ်သက်လို့ ကျော်ကြားတဲ့ မာစတာတွေထဲမှာ ရုပ်ရှင်လောကက အက်ရှင်စတား စတီဗင်ဆီးဂဲလ်ကို လူသိများပါတယ်။ အူအီရှိဘဆရာကြီးရဲ့ တတိယသား ကစ်ရှိုမာယု အီအူရှီဘကလည်း ဖခင်ကွယ်လွန်ပြီးနောက်ပိုင်း နိုင်ငံတကာ အိုက်ကီဒိုသိုင်းခေါင်းဆောင် အဖြစ် ထင်ရှားနေပါတယ်။
(၂) Iaido

Photo: tozando
၁၅၄၆ ခုနှစ်ကနေ ၁၆၂၁ ခုနှစ်အတွင်းမှာ Hayashizaki Jinsuke Minamoto Shigenobu ဆိုတဲ့ ဓါးသိုင်းပညာရှင်ဟာ ဒီနေ့ခေတ်မှာ အီအိုင်ဒိုလို့ လူသိများလာတဲ့ ဓါးသိုင်း တိုက်ခိုက်ရေးပညာဆိုင်ရာ နည်းစနစ်နဲ့ မူဝါဒတွေ ချမှတ်ခဲ့ကြပါတယ်။ များသောအားဖြင့် အီအိုင်ဒိုတွေက တစ်ဦးချင်း စွမ်းဆောင်ရည်သရုပ်ပြစတိုင်အနေနဲ့ ကစားကြပါတယ်။
ဂျပန်တိုက်ခိုက်ရေးပညာရပ်အများစုလိုပဲ အီအိုင်ဒိုဟာ ဘာသာရေးအယူဝါဒပေါ်မှာ အခြေခံမှု ရှိပါတယ်။ အီအိုင်ဒိုမှာ ကွန်ဖြူးရှပ်ဝါဒ ၊ ဇင်ဗုဒ္ဓဝါဒနဲ့ တာအိုအယူဝါဒတွေ ပါဝင်နေပါတယ်။ ဒါကြောင့်ပဲ အီအိုင်ဒိုကို Zen In Motion လှုပ်ရှားမှုအတတ်ထဲက ဇင်ဘာသာလို့ ခေါ်ကြတာ ဖြစ်ပါတယ်။
(၃) Judo

Photo: japantimes
ဂျူဒိုအတတ်ဟာ ၁၈၈၂ ခုနှစ်က စပြီး ပေါ်ပေါက်လာခဲ့တဲ့ Martial Arts အဖြစ် နာမည်ကျော်ကြားပါတယ်။ အိုလံပစ်အားကစားတွေမှာတောင် ၁၉၆၀ ပြည့်လွန်နှစ်တွေကစလို့ ထည့်သွင်းဖော်ပြခံရအောင် ဂုဏ်သိက္ခာကြီးမားတဲ့ တိုက်ခိုက်ရေးပညာရပ် ဖြစ်ပါတယ်။ Judo ဆိုတာ သိမ်မွေ့တဲ့နည်းလို့ အဓိပ္ပါယ်ရပါတယ်။ ပြိုင်ဘက်ကို မြေပေါ် လှဲသိပ်ရာမှာ ပျော့ပြောင်းတဲ့ခွန်အားစတိုင်နဲ့ လှဲချလိုက်တာကို ဂျူဒိုအတတ်ပညာမှာ မြင်ရမှာပါ။
ဂျူဒိုလောကမှာ နာမည်ကျော်သူတွေက အိုလံပစ်အားကစားဖြစ်အောင်ပါ ကြိုးပမ်းအားထုတ်ခဲ့သူ ဂျူဒီတည်ထောင်ခဲ့တဲ့ ဂျီဂိုယို ကာနို ၊အမေရိကန်ဂျူဒိုချန်ပီယံဟောင်း နဲ့ ဂျူဒိုဆိုင်ရာစာအုပ်တွေ ရေးသားခဲ့သူ ဂျီနီ လီဘဲလ် နဲ့ ၁၉၉၂ ခုနှစ် ဂျပန်ဂျူဒိုရွှေတံဆိပ်ဆုရှင်နဲ့ MMA ဖိုက်တာ ဟီဒီဟိုက်ကို ယောရှီဒါတို့ပဲ ဖြစ်ပါတယ်။
(၄) Karate

Photo: The Guardian
ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်က တိုက်ခိုက်ရေးအတတ်ပညာအဖြစ် ထင်ရှားလာတဲ့ ကရာတေးဟာ တရုတ်တိုက်ခိုက်ရေးစတိုင်တွေကနေ ဆင်းသက်လာခဲ့တယ်လို့အဆိုရှိပါတယ်။ တရုတ်တိုက်ခိုက်ရေးစတိုင်တွေကို ဂျပန်ရဲ့ ရေခံမြေခံအဖြစ် ပြန်ပုံပြောင်းထားတဲ့ Martial Arts ဖြစ်ပြီး ၁၄ ရာစုနှစ်ကတည်းက စပြီး ပေါ်ပေါက်ခဲ့တာလို့ ဆိုကြပါတယ်။ ကရာတေးဟာ ဒီနေ့ခေတ်မှာ တစ်ကမ္ဘာလုံးအနှံ့ ပျံ့နှံ့ ရောက်ရှိ ကျော်ကြားနေတဲ့ Martial Arts ဖြစ်နေပါပြီ။
Featured Photo: aikidomackay
