ကွီးတို့သည် မနက်ခင်းစောစော နိုးထတတ်သူဖြစ်ပြီး ကိုယ့်ရဲ့ မနက်ခင်းကို အကျိုးရှိအောင် အသုံးချချင်တယ်ဆိုရင်တော့ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားများအတွက် အချိန်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သာများအတွက် ဆော့ကစားပေးနိုင်တဲ့ လေ့ကျင့်ခန်းများ အများအပြားရှိတဲ့အနက် ဒိုက်ထိုးလေ့ကျင့်ခန်းကို ဦးစားပေး ဆော့ကစားသင့်ပါတယ်။
ဒိုက်ထိုးလေ့ကျင့်ခန်းကို မနက်ခင်းအချိန်မှာ ဆော့ကစားပေးခြင်းအားဖြင့် ခံစားရမယ့် အကျိုးကျေးဇူး (၄) ချက်ရှိပါတယ်။
ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားများကို သန်မာမှုကို တိုးမြှင့်ပေးခြင်း
ဒိုက်ထိုးလေ့ကျင့်ခန်းတစ်ခုတည်းနဲ့ ကျောကုန်းရှိ ကြွက်သားများ၊ လက်မောင်းကြွက်သား၊ ရင်အုပ်ကြွက်သားနှင့် ပုခုံးကြွက်သားများအတွက် အထောက်အပံ့ဖြစ်စေပါတယ်။ လေ့ကျင့်ခန်းတစ်ခုတည်း ပြုလုပ်ရုံနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းရှိ ကြွက်သားတစ်ခုလုံးကို ဆော့ကစားပြီးသားဖြစ်သွားပါတယ်။
ခန္ဓာကိုယ်ကို နိုးကြားတက်ကြွစေခြင်း

မနက်ခင်းတိုင်း ဒိုက်ထိုးလေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေသည် တိုးမြှင့်လာမှာဖြစ်ပါတယ်။ မနက်ခင်းမှာ နှလုံးခုန်နှုန်းကောင်းမွန်အောင် လှုံ့ဆော်ပေးပြီး ခန္ဓာကိုယ်တွင်းရှိ ကယ်လိုရီများကိုလည်း လောင်ကျွမ်းစေပါတယ်။ တစ်နေ့တာလုံးကို လန်းဆန်းတက်ကြွ ပေါ့ပါးစွာနဲ့ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။
မိမိကိုယ်ကိုယ် ယုံကြည်မှုတိုးမြှင့်စေခြင်း

မနက်ခင်း ဒိုက်ထိုးပေးရုံမျှဖြင့် သင့်ရဲ့ ယေဘုယျကျန်းမာရေးစနစ်သည် အရင်ကထက် ပိုမိုကောင်းမွန်လာမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ကျန်းမာတက်ကြွတဲ့လူငယ်အဖြစ် ခံစားရစေကာ Confidence လည်း တက်လာစေမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်အနေအထားက လက်ပျဉ်ကုန်းခြင်း၊ ခါးကုန်းခြင်းတို့ မရှိတော့ဘဲ အနေအထားမှန်ကန်လာမှာ ဖြစ်ပါတယ်။
အရိုးအဆစ်များ သန်မာစေခြင်း

ဒီအချက်ကတော့ ကွီးတို့အားလုံး သိပြီးသားဖြစ်ပါလိမ့်မယ်။ ဒိုက်ထိုးလေ့ကျင့်ခန်းကို မနက်ခင်းအလင်းရောင် ကောင်းကောင်းရတဲ့နေရာမှာ ပြုလုပ်တဲ့အခါ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်ဆိုသလို ဗီတာမင်ဒီဓာတ်လည်းရမယ် အရိုးအဆစ်များလည်း သန်မာလာမှာဆိုတော့ စိတ်ဝင်စားစရာပါပဲ။
တစ်ခုသတိထားရမှာကတော့ မနက်ခင်း အလင်းရောင်သည် ၁၀ နာရီနောက်ပိုင်းနေရောင်ခြည် မဖြစ်ဖို့တော့လိုအပ်ပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ မနက် ၁၀ နာရီဆိုတာနဲ့ ခရမ်းလွန်ရောင်ခြည်တွေ တဖြည်းဖြည်းများလာလို့ပဲ ဖြစ်ပါတယ်။ မနက်စောစောထနိုင်လေ ကိုယ့်ကျန်းမာရေးအတွက် ပိုမိုအကျိုးရှိလေပါပဲ။
Source: Fitactiveliving.com
Featured Image: Dmarge

