အားကစား ကတော့ ဘာပဲလုပ်လုပ် လူအတွက် ကောင်းကျိုးများ တာပါပဲ။ ဒါပေမယ့်လည်း အဖွဲ့လိုက် အားကစား လုပ်တာကပိုပြီး အားသာချက်တွေ ရှိတယ်လို့ ပြောချင်ပါတယ်။ အတော်များများကတော့ Gym မှာ ကစားရင်လည်း တစ်ယောက်တည်း ၊ လမ်းပေါ် မနက်ခင်းအပြေးလေ့ကျင့်ရင်လည်း တစ်ကိုယ်တော် Solo Workout လုပ်လေ့ ရှိကြပါတယ်။ တစ်ယောက်တည်း အားကစား လုပ်တာက ဘယ်သူနဲ့မှ ညှိပြီး လှုပ်ရှားစရာ မလိုလို့ စိတ်ပိုလွတ်လပ်တယ်လို့ ထင်ရပါတယ်။
Photo : totalrunningclub
ဒါပေမယ့်လည်း သုတေသနလေ့လာမှုတွေကတော့ တစ်ယောက်တည်း ကိုယ်လက်လှုပ်ရှားသူတွေဟာ အဖွဲ့လိုက် အားကစား လုပ်သူတွေ ရတဲ့ အကျိုးကျေးဇူးတွေ ဆုံးရှုံးရတယ်လို့ ထောက်ပြထားတာ ရှိပါတယ်။ သုတေသီတွေဟာ စိတ်ဖိစီးမှု မြင့်နေကြတဲ့ ဆေးကျောင်းသား ၆၉ ယောက်ကို အဖွဲ့လိုက် ပုံမှန်အားကစားလုပ်ဆောင်စေပြီး လေ့လာခဲ့တာပါ။ သုတေသနအတွက် ဆေးကျောင်းသား ၆၉ ဦးကို ကိုယ်လက်လှုပ်ရှားမှု လုပ်တဲ့ အားကစားအဖွဲ့ ၃ ခုမှာ ခွဲထည့်ထားခဲ့တာ ဖြစ်ပါတယ်။
တစ်ဖွဲ့မှာ နာရီဝက်ကြာအောင် တစ်ပတ်တစ်ကြိမ်နှုန်းနဲ့ Fitness Training ကို အဖွဲ့လိုက် ကစားစေပြီး နောက်တစ်ဖွဲ့မှာ တစ်ယောက်ချင်း Solo Exercises လေးတွေ တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ် ကစားစေခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး အဖွဲ့ကိုတော့ ဘာလေ့ကျင့်ခန်းမှ ပြင်းပြင်းထန်ထန် မလုပ်ခိုင်းဘဲ လမ်းလျှောက် ၊ စက်ဘီးစီး စတဲ့ အပေါ့စား လှုပ်ရှားမှုတွေပဲ လုပ်ဆောင်ခိုင်းထားပါတယ်။
လေးပတ်အကြာမှာ ကျောင်းသားတွေရဲ့ စိတ်ဖိစီးမှု Levels နဲ့ စိတ်ပိုင်း ၊ ရုပ်ပိုင်း အပြင် ခံစားမှုပိုင်းပါ အရည်အသွေး စစ်ဆေးတိုင်းတာမှုတွေ စမ်းသပ်ခဲ့ကြည့်ရာမှာ သုံးဖွဲ့လုံး စိတ်ကျန်းမာရေး ရလဒ်ကောင်းတွေ ပြခဲ့တယ်လို့ ဆိုပါတယ်။ ၁၂ ပတ်အကြာမှာတော့ အဖွဲ့လိုက်အားကစားလုပ်တဲ့ ကျောင်းသားတွေက Quality of Life လို့ ခေါ်တဲ့ Physical ၊ Mental နဲ့ Emotional ပိုင်းဆိုင်ရာ အရည်အသွေးဘက်မှာ သိသိသာသာ တိုးတက်ပြီး စိတ်ဖိစီးမှု ကျဆင်းလာတာ ပြနေပြီး တစ်ဦးချင်း လေ့ကျင့်ခန်းလုပ်သူတွေက စိတ်ဖိစီးမှုဘက် သိသိသာသာ ကျမသွားတာ တွေ့ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

Photo: People
နောက်ဆုံးအဖွဲ့ကတော့ စိတ်ဖိစီးမှုလည်း ကျမလာသလို Life Quality လည်း တက်မလာမခဲ့ဘူးလို့ လေ့လာမှု က ဆိုပါတယ်။ ဒီလို ဖြစ်ရတာဟာ အချက် ၄ ချက်ကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ယူဆကြပါတယ်။ ပထမအချက်က အဖွဲ့လိုက် ကစားမှုဟာ အများနဲ့ ပေါင်းသင်းပြီး ဟန်ချက်ညီညီ လှုပ်ရှားရတာ ဖြစ်လို့ တာဝန်ယူမှု ပိုများလာပြီး ပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာတာကြောင့်လို့ ဆိုပါတယ်။
Group Exercises တွေဟာ ဟန်ချက်ညီ လှုပ်ရှားဖို့အတွက် ကြိုးစားကြတာ ဖြစ်လို့ တစ်ယောက်ကို တစ်ယောက် အားကစားစိတ်ဓါတ် ထားပြီး တွဲလုပ်မှ အောင်မြင်တဲ့ အလုပ်လည်း ဖြစ်ပါတယ်။ ဒီလို လုပ်ရင်းနဲ့ အချင်းချင်း ဆက်သွယ်နိုင်စွမ်း ပိုရှိလာပြီး တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးနားလည်လာရာကနေ စိတ်ပိုင်း ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ တက်လာတာလို့ ဆိုပါတယ်။
ဒုတိယအချက်ကတော့ အားကစား လုပ်ချင်စိတ် ထက်သန်လာခြင်းပဲ ဖြစ်ပါတယ်။ Group လိုက် အားကစားလုပ်ရာမှာ တစ်ယောက်တည်း Workout ကစားသလိုမျိုး ရေသာခိုနေလို့ မရတော့ဘဲ အချင်းချင်း တိုက်တွန်းနှိုးဆော်မှုတွေကြောင့် အားကစားပိုလုပ်ဖြစ်လာသလို အားကစားလုပ်ရာမှာလည်း ပိုပြီး စိတ်ပါလာတတ်ပါတယ်။ ဒီလို Motivation ထည့်ပြီး လုပ်တာကြောင့်ပဲ အားကစားလုပ်လို့ရတဲ့ အကျိုးကျေးဇူးကို ပိုပြီး သိသိသာသာ ခံစားလာရတာ ဖြစ်ပါတယ်။

Photo : Vox
တတိယအချက်အနေနဲ့ အားကစား လုပ်ချိန် နာကျင်မှုဒဏ်ကိုလည်း ပိုခံလာနိုင်တယ်လို့ ဆိုပါတယ်။ အကူနဲ့ တွဲပြီး အားကစားလုပ်တာဟာ တချို့ Workout တွေမှာ သိသိသာသာ အထောက်အကူ ဖြစ်ပါတယ်။ လေးလံလှတဲ့ ဝိတ်တွေ မ,ရာမှာ ၊ Rowing စက် ဆွဲရာမှာ ၊ HIIT ကစားရာမှာ အကူကနေ ဟန်ချက် ထိန်းပေးတာက အလွန်ပဲ အကျိုးများသလို အရေးလည်း ကြီးပါတယ်။
စတုတ္ထနဲ့ နောက်ဆုံးအချက်ကတော့ အာရုံပိုစိုက်လာနိုင်ခြင်း ဖြစ်တယ်လို့ သုတေသီတွေက သုံးသပ်ပါတယ်။ အဖွဲ့လိုက် Group Class တွေဟာ ပန်းတိုင်တစ်ခုတည်းတွေ လူတိုင်းက ရောက်ဖို့ အာရုံစိုက်နေကြတာ ဖြစ်ပါတယ်။ Group Class တွေရဲ့ ရည်မှန်းချက်အတိုင်း သွားရာမှာ အားလုံးက တူညီတဲ့ ရည်မှန်းချက်ဆီ စိတ်ထည့်ထားဖို့ လိုပါတယ်။
ဒီလို စိတ်သွင်းထားပြီး အားကစား လုပ်တာက ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်နေသဘောထား နဲ့ လူရဲ့ စွမ်းဆောင်ရည်ကိုပါ လှုံ့ဆော်နှိုးဆွနိုင်စွမ်း ရှိလာပါတယ်။ ဒါကြောင့် Gym တွေ ကစားမယ်ဆိုရင် တစ်ယောက်တည်း အားကစား လုပ်တာအပြင် Group Class တွေမှာလည်း ဝင်ပြီး Join ဖို့ မျှဝေတင်ဆက်လိုက်ရပါတယ်။
Featured Photo : Unsplash

