Marvel Cinematic Universe သည် အမိုက်စား ကာရိုက်တာများကို ဖန်တီးပြီးနောက် Relationship ဖြစ်စေကာ MCU စုံတွဲ ဆိုပြီး နာမည်ရလာအောင် ကြိုးစားခဲ့ပါတယ်။ သို့သော် အချို့သော MCU စုံတွဲ တွေကတော့ ရုပ်ရှင် ကြည့်ပရိသတ်တွေ မျှော်မှန်းထားသလို ဖြစ်မလာခဲ့ကြပါဘူး။ အစပိုင်းမှာတော့ အဆင်ပြေနိုးနိုးနဲ့ အဆင်မပြေခဲ့ကြတဲ့ MCU စုံတွဲ တွေက ဘယ်စုံတွဲတွေဖြစ်မလဲ။
Steve Rogers နဲ့ Sharon Carter

MCU ထဲမှာ အချစ်တတ်ဆုံးနဲ့ ရိုမန့်တစ်အဆန်ဆုံး စုံတွဲ ကို ပြပါဆိုရင် Steve Rogers နဲ့ Peggy Carter တို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်သည် ဒုတိယကမ္ဘာစစ်အတွင်းမှာ ချစ်ကျွမ်းဝင်ခဲ့ကြပြီး Steve က ရေခဲထဲမှာ ပိတ်မိသွားတဲ့အခါမှာတော့ သူတို့ရဲ့အချစ်အိပ်မက်တွေ ပျက်စီးသွားခဲ့ရပါတယ်။ Steve က ရေခဲကနေ ပြန်ထွက်လာတဲ့အခါမှာတော့ Peggy က အဘွားကြီးဖြစ်သွားပြီး သူ့ရဲ့နောက်ဆုံးအချိန်ရောက်နေခဲ့တာပါ။ ဒါ့ကြောင့် Steve သည် Peggy ရဲ့ တူမ Sharon ဆီသို့ မြှားဦးလှည့်လာခဲ့ပါတယ်။
MCU ပရိသတ်တွေကတော ဒီစုံတွဲကို ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ သတ်မှတ်ခဲ့ကြတာပါ။ ကံကောင်းချင်တော့ အချိန်ခရီးသွားခြင်းရဲ့အကျိုးကျေးဇူးကြောင့်ပဲ Steve လည်း Peggy နဲ့ အတူတူ ဇာတ်ပေါင်းထုပ်နိုင်ခဲ့ပါတယ်။
Natasha Romanoff နဲ့ Bruce Banner

သူတို့နှစ်ယောက်ကြား ဆက်ဆံရေးကို ဒါရိုက်တာကို ပရိသတ်တွေကို တဖြည်းဖြည်းအရိပ်အမြွက် ပေးခဲ့ပါတယ်။ အခြေအနေက ဘယ်လိုစတင်ခဲ့သလဲဆိုတော့ Natasha တစ်ယောက် Loki ကို ကူတိုက်ပေးဖို့ရန်အတွက် Bruce Banner ကို အကူအညီသွားတောင်းတုန်းက အစပြုခဲ့တာပါ။ သူတို့ရဲ့ဆက်ဆံရေးတစ်ခုလုံးသည် ဖိအားများကြားထဲကနေ ပေါက်ဖွားလာတာဖြစ်ပါတယ်။
ဒေါသထွက်နေတဲ့ Hulk ကြီးကို Natasha တစ်ယောက်တည်းပဲ ဒေါသပြေသွားအောင် လုပ်နိုင်တဲ့အချက်က သူတို့ကြားဆက်ဆံရေးကို သို့လော သို့လော ဖြစ်စေပါတယ်။ ဒါပေမဲ့လည်း တချို့ဖန်တွေက သူတို့နှစ်ယောက်ကို Ship တာတွေ မရှိကြတော့ MCU ကပဲ ဘာမပြော ညာမပြောနဲ့ ဇာတ်လမ်းကို ဇာတ်မြောအတိုင်းပဲ ထားခဲ့ပါတော့တယ်။
Thor နဲ့ Jane Foster

Thor နဲ့ Jane Foster တို့သည် တစ်ယောက်အတွက် တစ်ယောက် ဖြစ်တည်ပေးသလားလို့တောင် ထင်ရလောက်အောင် အတွဲညီပါတယ်။ သူတို့နှစ်ယောက်စလုံးသည် Comics ထဲမှာသာမက MCU ထဲမှာလည်း တွဲခဲ့ကြတာပါ။ ဒါပေမဲ့လည်း ကံဆိုးချင်တော့ နှစ်ခုစလုံးမှာ Jane က Thor ကို ဖြတ်ခဲ့တာပါ။ ပြီးတော့ “သူငယ်ချင်းလိုပဲ ဆက်၍ ခေါ်သွားမည် Jane” ဆိုပြီး ဇာတ်သိမ်းထားတာပါ။
ဒီအတွဲကိုလည်း ဖန်တွေ အမြင်မကြည်ခဲ့လို့ ဇာတ်သိမ်းခဲ့ဟန်တူပါတယ်။ Thor နဲ့ Jane က Thor ပထမဇာတ်ကားမှာတုန်းက လိုက်ဖက်ညီတဲ့ MCU အတွဲပါ။ ဒါပေမဲ့ Thor: Dark World မှာ Jane ရဲ့ Role ကို မြှင့်ထားရာကနေ ဖန်တွေ မျက်စိစပါးမွှေးစူးခဲ့ပြီး သူတို့နှစ်ယောက်ကို အဆုံးသတ်ပေးခဲ့ဟန်တူပါတယ်။
T’Challa နဲ့ Nakia

T’Challa နဲ့ Nakia တို့ကြားက ဆက်ဆံရေးသည်လည်း ချစ်ဖို့ကောင်းတဲ့ MCU စုံတွဲလေးတစ်ခုပါ။ T’Challa သည် Nakia အပေါ်မှာ ပြုမူပြောဆိုပုံတွေကို ကြည့်ခြင်းအားဖြင့် သူ(မ)အပေါ်မှာ စိတ်ဝင်စားမှုရှိတယ်ဆိုတာ သေချာပါတယ်။ သို့သော် သူတို့နှစ်ယောက်သည် မဆုံးနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းအလား ဖြစ်တည်နေခဲ့တာပါ။ T’Challa မှာကတော့ သူ့ကိုလိုအပ်တဲ့ နိုင်ငံတစ်ခုတည်ရှိနေပြီးတော့ Nakia ကတော့ နိုင်ငံကနေ ထွက်ခွာကာ အကူအညီလိုအပ်သူများကို ကူညီဖို့ရန်အတွက် စိုင်းပြင်းနေသူ ဖြစ်ပါတယ်။
Scott Lang နဲ့ Hope Van Dyne

သူတို့နှစ်ယောက်ရဲ့စိတ်နေစိတ်ထားသည် ဆန့်ကျင်ဘက်တွေကြီးပါပဲ။ Scott သည် ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိသလောက် Hope ကတော့ သူ(မ)ကို သူ(မ) ယုံကြည်ချက်ရှိသူတစ်ယောက်ပါ။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကိုလည်း သူငယ်ချင်းမကျ လုပ်ဖော်ကိုင် ဖက်မကျ ဟိုလိုလို ဒီလိုလိုပဲ ရိုက်ပြထားတာ ဖြစ်ပါတယ်။
Stephen Strange နဲ့ Christine Palmer

အချို့သော MCU ဇာတ်ကားများထဲတွင် သူငယ်ချင်းသံယောဇဉ်ကို ဦးစားပေးရိုက်ပြထားပြီး သူငယ်ချင်းသံယောဇဉ်သည် အရေးအကြီးဆုံးဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဥပမာ Shang-Chi နဲ့ Katy ဆိုလျှင် အဆုံးအထိ အခင်ဆုံးသူငယ်ချင်းလိုပဲ နေသွားကြတာပါ။
ဒါပေမဲ့ Stephen Strange နဲ့ Christine ကျတော့ မတူပြန်ပါဘူး။ Stephen သည် Christine ပေးထားတဲ့ နာရီကို သူ့အသက်နဲ့တောင် လဲပြီး ကာကွယ်ထားတာ တွေ့ရမှာပါ။ အသစ်ထွက်လာမယ့် Multiverse Of Madness ထဲမှာလည်း သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုဖြစ်ကျန်ခဲ့ဦးမလဲဆိုတာ Marvel ဖန်တွေအကြား ပဟေဠိတစ်ခုလိုပါပဲ။ အားလုံးကတော့ အတွေးကိုယ်စီနဲ့ ထင်မြင်ယူဆချက်တွေ သီအိုရီတွေ ထုတ်ထားကြပါတယ်။
သင်ရော အခုဖော်ပြသွားတဲ့ MCU စုံတွဲတွေအပေါ် ဘယ်လိုထင်မြင်ယူဆပါသလဲ။
Source: Screenrant
Featured Image: Comicsuniverse
