မိမိခန္ဓာကိုယ်ပေါ်မှာ တက်တူးရေးထိုးခြင်းသည် အနုပညာတစ်ရပ်ကို ဖော်ကျူးပြသခြင်းပဲဖြစ်ပါတယ်။ တက်တူး ချစ်သူ ကွီး တို့အနေနဲ့ မိမိခန္ဓာကိုယ်ပေါ်မှာ တက်တူးမထိုးခင်နဲ့ တက်တူးထိုးပြီးနောက်မှာ မဖြစ်မနေသိထားသင့်တဲ့ အချက် များ ရှိပါတယ်။
ထိုအချက်များကို သိရှိပြီးမှသာလျှင် တက်တူး Studio ဆီသို့ ချီတက်ကြဖို့ အကြံပေးချင်ပါတယ်။ ဘယ်လိုအချက်တွေလဲဆိုတော့ …
တက်တူးသမိုင်းကြောင်း
တက်တူး (Tattoo) ဆိုတဲ့ စကားလုံးသည် တဟီတီစကားလုံးတစ်မျိုးဖြစ်တဲ့ “Tatu” အမှတ်အသားပြုလုပ်ခြင်း ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ရှေးဂရိလူမျိုးများ၊ Celt လူမျိုးများနှင့် အီဂျစ်လူမျိုးများသည် တက်တူးရေးထိုးခြင်းကို ရူးရူးမူးမူး ရေးထိုးကြတယ်လို့ သက်သေများအရ သိရပါတယ်။
အနောက်နိုင်ငံများမှာတော့ ခရစ်ဘာသာအယူအဆကြောင့် တက်တူးရေးထိုးခြင်းက လုံးဝ ခေတ်မစားခဲ့ပါဘူး။ သို့သော် ဥရောပသင်္ဘောသားများက သင်္ဘောလိုက်ပြီး အိမ်သို့ ပြန်ရောက်လာတဲ့အခါ သူတို့ခန္ဓာကိုယ်ပေါ်မှာ တက်တူးရေးထိုးလာတဲ့နောက်မှာတော့ အနောက်နိုင်ငံများတွင်လည်း တက်တူးရေးထိုးခြင်းက တဖြည်းဖြည်း ခေတ်စားလာခဲ့ပါတယ်။ ပြောရမယ်ဆိုရင်တော့ စစချင်းတက်တူးရေးထိုးသူတွေက သင်္ဘောသားများနှင့် စွန့်စားခရီးသည်များပဲဖြစ်ပါတယ်။
၁၉၆၀ ပြည့်နှစ်များမှ စတင်ပြီးတော့ လူမျိုးမရွေး ဘာသာမရွေး၊ ကျား မ မရွေး တက်တူး ရေးထိုးခြင်းကို ကြိုက်နှစ်သက်လာကြတာဖြစ်ပါတယ်။ ရှေးယခင်တုန်းကတော့ တက်တူးရေးထိုးတဲ့သူတွေက ဂိုဏ်းစတားတွေ ဆိုတဲ့ ရှေးကျတဲ့အယူအဆတွေလည်း ယနေ့ခေတ်မှာ မရှိတော့ပါဘူး။
တက်တူး ချစ်သူ ကွီး တို့ တက်တူမထိုးခင်မှာ အမေးအများဆုံး အချက် ကတော့… တက်တူးထိုးရတာ နာလား?
သေချာပေါက်တော့ နာတာပေါ့။ ဒါပေမဲ့ ထိုနာကျင်ခြင်းက သင့်ရဲ့ တက်တူးအပေါ် ချစ်မြတ်နိုးတဲ့စိတ်ကို မတားဆီးပါစေနဲ့။ တက်တူး ထိုးရတာ နာတယ်ဆိုပေမယ့် ထိုနာကျင်မှုကို မခံမရပ်နိုင်တဲ့ နာကျင်မှုမျိုးတော့မဟုတ်ပါဘူး။ ကျွမ်းကျင်တဲ့ တက်တူးပညာရှင်တစ်ယောက်နဲ့ သင့်ရဲ့ နာကျင်မှုကို အတတ်နိုင်ဆုံး လျော့ချပေးနိုင်အောင် တက်တူးရေးထိုးပေးမှာပဲဖြစ်ပါတယ်။
အရမ်း မနာချင်ဘူးဆိုရင်တော့ အသားနှင့် ကြွက်သားများတဲ့ ရင်အုပ်၊ လက်မောင်း စတဲ့ နေရာတွေမှာ ရေးထိုးသင့်ပြီး နံရိုးနှင့် လက်ချောင်းလို အရိုးများတဲ့ နေရာတွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။
တက်တူးပညာရှင် ရွေးချယ်တဲ့အခါ
ကိုယ် ရေးထိုးချင်တာက ကျောပြင်ပေါ်မှာ ကြီးမားတဲ့ ကျားခေါင်းပုံတက်တူး၊ သို့သော ်ကိုယ် သွားတဲ့ တက်တူး Studio က Geometrical တက်တူးပုံတွေကိုသာ ကျွမ်းကျင်တဲ့ တက်တူးဆရာထံသွားရင်တော့ သင့်ရဲ့ ဆုံးဖြတ်ချက်က အမှားကြီး မှားသွားပါလိမ့်မယ်။
ဒါ့ကြောင့် တက်တူး Studio နှင့် တက်တူးပညာရှင် ရွေးချယ်တဲ့အခါ ပညာသားပါပါ ရွေးချယ်တတ်ဖို့လိုအပ်ပါလိမ့်မယ်။ အရှေ့က ထိုးဖူးတဲ့ လူတွေရဲ့ Review တွေကို လေ့လာပါ။ Websites တွေနဲ့ ဆိုရှယ်မီဒီယာတွေမှာ စုံစမ်းနိုင်ပါတယ်။
တက်တူးပညာရှင်ရဲ့ စကားကို နားထောင်ပါ
သူတို့သည် သင့်ထက် တက်တူးထိုးခြင်းပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် တက်တူး ပတ်သက်လာလျှင် ကွီး တို့ထက် ပိုသိတယ်ဆိုတဲ့ အချက် ကတော့ ငြင်းလို့မရပါဘူး။ ဒါ့ကြောင့် သူတို့ပြောပြတဲ့ အကြံပြုစကားနဲ့ လိုက်နာစရာအချက်များကို တသဝေမတိမ်း နားထောင်သင့်ပါတယ်။
အရောင်နဲ့ ပတ်သက်လာရင်
တက်တူးထိုးတဲ့အခါ အနက်ရောင်တက်တူးများအပြင် အခြားသော အရောင်စုံတက်တူးများကိုပါ ရေးထိုးနိုင်လာပြီပဲဖြစ်ပါတယ်။ သို့သော် အရောင်စုံစုံလင်လင်နဲ့ ရေးထိုးထားတဲ့ တက်တူးများကတော့ နှစ်အနည်းငယ်ကြာတဲ့အခါ အရောင်မှေးမှိန်သွားနိုင်တာကြောင့် ပြန်လည် အရောင်တင်ပေးဖို့လိုအပ်ပါလိမ့်မယ်။ ဒီအချက်ကို မမှုဘူးဆိုရင်တော့ ရောင်စုံတက်တူးများကို ရေးထိုးနိုင်ပါတယ်။
အနက်ရောင် တက်တူးများကတော့ ဈေးပိုသက်သာပြီး အထာပိုကျတဲ့အတွက်ကြောင့် အနက်ရောင်တက်တူးကို ရွေးချယ်ရင်လည်း ကွီး တို့ရဲ့ တက်တူးစတိုင်လ်က မိမိုက်နေဦးမှာပါ။
Source: Ties
Featured Image: Ties