နော်ဝေ လက်ရွေးစင်ကြယ်ပွင့် မာတင် အိုဒီဂတ် ကို အာဆင်နယ် အသင်းခေါင်းဆောင် ရာထူး ခန့်အပ်တဲ့ အာဆင်နယ် နည်းပြ မီခယ်လ် အာတီတာရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ကြောင်း ရက်ပ်နက်က ပြောကြားခဲ့ပါတယ်။
အသက် ၂၃ နှစ်သာရှိသေးပေမယ့် နော်ဝေသားဟာ ဂန်းနားတို့ရဲ့နောက်ဆုံး ၄ ပွဲကို အသင်းခေါင်းဆောင် လက်ပတ်ဝတ်ဆင်ပြီး ၃ ပွဲဆက် နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ အန်းမရိတ်ကွင်းမှာ အသင်းခေါင်းဆောင်အဖြစ်နဲ့ ပြီးခဲ့တဲ့နှစ်တွေက ပြဿနာတွေရှိခဲ့ကြတဲ့ ဗာမေလန် ၊ ကိုစီရယ်လ်နီ ၊ ဇာခါ နဲ့ အူဘာမီယန်း တို့ဟာ အသင်းအတွက် စံနမူနာအဖြစ် ဦးဆောင်နိုင်ခြင်းမရှိခဲ့ကြတာ ဖြစ်ပါတယ်။
Photo : Daily Mail
အူဘာမီယန်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စည်းကမ်းချိုးဖောက်မှုနဲ့ ကပ္ပတိန် လက်ပတ်ကို စွန့်လွှတ်ခဲ့ရပြီးတဲ့နောက် အာဆင်နယ်အသင်းမှာ အမြဲတမ်း အသင်းခေါင်းဆောင် နေရာက လစ်လပ်နေခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်တိုက်စစ်မှူး လာကာဇက်တီက သူကစားခွင့်ရတဲ့အချိန်တိုင်းမှာ အသင်းခေါင်းဆောင် လက်ပတ်ဝတ်ဆင်ခွင့်ရခဲ့ပေမယ့် ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကျကြောင့် မကြာသေးမီရက်သတ္တပတ်အတွင်းက အသင်းခေါင်းဆောင် နေရာကို ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့် အိုဒီဂတ် ကတော့ လာမယ့်နှစ်တွေအတွင်း အာဆင်နယ် အသင်းကို ဦးဆောင်နိုင်မယ့် ကစားသမားတစ်ယောက်အဖြစ် ဂန်းနားတွေရဲ့ သတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်။
” သူ့ကို အသင်းလူစာရင်းထဲ ထည့်လိုက်တာက အာဆင်နယ်အသင်းရဲ့ နှစ်အနည်းငယ်ကြာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပြီးသား ဖြစ်သွား စေပါတယ် ၊ ဇာခါက အသင်းခေါင်းဆောင်လုပ်ခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ အူဘာမီယန်းနဲ့ လာကာဇက်တီ တို့ကို လွဲပြောင်းပေးခဲ့ပေမယ့် ဘယ်သူမှ အသင်းခေါင်းဆောင် လုပ်ချင်ပုံမပေါ်ပါဘူး ၊ ဒါပေမယ့် ကျွန်တော့်အတွက်တော့ အိုဒီဂတ် ကို ပေးလိုက်တာက သူနဲ့သင့်တော်တယ်လို့ ခံစားရပါတယ် ၊ ခင်ဗျား အာတီတာဘက်က ကြည့်မယ်ဆိုရင် သူက ကွင်းထဲမှာ သူ့နည်းပြလိုပါပဲ ၊ သူက အနာဂတ်မှာ ဒီနေရာနဲ့ ထိုက်တန်တဲ့ သူဆိုတာ သေချာတယ် ၊ သူက ထူးချွန်တဲ့ ကစားသမားကောင်း တစ်ယောက်လည်းဖြစ်တယ် ၊ ဒါဟာ အာတီတာရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခုပါပဲ ” တနင်္ဂနွေနေ့က ဝက်စ်ဟမ်းကို အာဆင်နယ်အသင်း ၂-၁ ဂိုးနဲ့ အနိုင်ရပြီးနောက်မှာ ရက်ပ်နက် က Sky Sports ကို ပြောခဲ့တာ ဖြစ်ပါတယ်။
Photo : Daily Mail
အိုဒီဂတ် က အသက် ၁၆ နှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး နော်ဝေလက်ရွေးစင်အသင်းမှာလည်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ – ၂၀၂၁ ဘောလုံးရာသီမှာ ဘာနေဗျူးကနေ ရာသီဝက်အငှားစာချုပ်နဲ့ လာရောက်ကစားခဲ့ပြီး နွေရာသီမှာ အာဆင်နယ်ကို ပေါင်သန်း ၃၀ နဲ့ အပြီးသတ်ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
” သူက တာဝန်ယူမှု အပြည့်ရှိတယ် ၊ ဒါက တစ်စုံတစ်ယောက်အတွက် ငယ်ရွယ်လွန်းတယ်လို့ ထင်ရပေမယ့် ကြုံတောင့်ကြုံခဲပါပဲ ၊ အာဆင်နယ် ပရိသတ်တော်တော်များများက သူ့ကို ပြန်လိုချင်လားလို့ မေးကြတာ ကျွန်တော်သိပါတယ် ၊ ဒါပေမယ့် သူနဲ့တူတဲ့ ကစားသမားတော့ မရှိပါဘူး ၊ ပြီးတော့ သူကပိုကောင်း လာနေပါတယ် ၊ လူငယ်အသင်းတစ်သင်းအဖြစ် သူတို့အတူတူ တိုးတက်လာနေတယ် ၊ ပြီးတော့ အိုဒီဂတ်က အားလုံးရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်လာပါလိမ့်မယ် ” လို့ အာဆင်နယ် တိုက်စစ်မှူးဟောင်း အလန်စမစ်က မှတ်ချက်ပေးခဲ့ပါတယ်။
Featured Photo : Daily Mail